ရန်ကုန်၊ ACM RE-Post 18-6-2014
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ နှစ်ပတ်လည် ညီလာခံတွင် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများ အကြားရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံ အငြင်းပွားမှု ပြဿနာများကို တင်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း မဘသ (ဗဟို) အဖွဲ့ဝင် ဦးအောင်မြိုင်က The Voice သို့ ပြောကြားသည်။
အဆိုပါ ညီလာခံကို ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နှစ်ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တစ်ခြား ဘာသာခြား လူမျိုးခြားတွေ ဗုဒ္ဓဘာသာ အဆောက်အအုံနဲ့ ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဗုဒ္ဓဝိနိယနဲ့အညီ၊ ဥပဒေနဲ့အညီ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ဆွေးနွေးမှာပါ” ဟု ၎င်းကဆိုသည်။
သို့သော်လည်း အဆိုတင်သွင်းမည့် အသေးစိတ် အစီအစဉ်များကို ထုတ်ပြန် ပြောကြားမရကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ထို့အပြင် မြို့နယ်အလိုက် တင်ပြလာသော အစီရင်ခံစာများကို တင်သွင်းမည် ဖြစ်ပြီး မျိုးစောင့်ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း မဘသ (ဗဟို) ထံမှ သိရသည်။
အဆိုပါ ညီလာခံတွင် သီတဂူ ဆရာတော် အရှင်ဉာဏိဿရထံမှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က သြဝါဒ ခံယူမည် ဖြစ်ပြီး နိုင်ငံတော် သံဃာမဟာနာယကနှင့် သာသနာရေး ဝန်ကြီးဋ္ဌာနသို့လည်း ဖိတ်ကြားထားကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ထံမှ သိရှိရသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ထားသည်။
ထို့အပြင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ လုပ်ငန်းစဉ်များသည် သာသနာတော် တည်တံ့ ပြန့်ပွားရေးကို အထောက်အကူပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း မေလဒုတိယပတ်အတွင်း ပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယ အထူးအစည်းအဝေးတွင် သာသနာရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက် သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် နိုင်ငံတော် သဃမဟာနာယကက ညွန်ကြားလွှာ ထုတ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး သံဃမဟာနာယက ဆရာတော်နှင့် သံဃာတော် စည်းကမ်းထိန်သိမ်းရေး ဆရာတော်၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့သည်။
ထို့အပြင် မဟာသန္တိသုခ ကျောင်းတိုက်အတွင်း ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သည်ဟုဆိုကာ လန်ဒန် ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို ဇွန်လ ၁၃ ရက်နေ့တွင် လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးခဲပြီးနောက် အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
သို့သော်လည်း အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းကို ထိခိုက်လာနိုင်သောကြောင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ မဟာသန္တိသုခ ကျောင်းတိုက်နှင့် ပတ်သက်သော ပြဿနာကို ဝင်ရောက် ဖြေရှင်းခြင်း မပြုရန် ဆုံးဖြတ်ထားကြောင်း မဘသ (ဗဟို) ထံမှ သိရသည်။
Aye Chan Mon Credit To:The Voice Weekly
http://
Post a Comment