Published on: June 21, 2014
Written by: နန်းစုနှင်းထွေး
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုစသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်အားခအပြည့်မရပါက တိုင်ကြားရန် ထိုင်းအာဏာသိမ်းအစိုးရက ကြေညာချက်ထုတ်ပြန်ထားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် အစိုးရက တရားဝင်သတ်မှတ်ထားသည့် တစ်နေ့အလုပ်ချိန် ၈ နာရီတွင် လုပ်ကိုင်ရသော အလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်အားခကို ဘတ် ၃ဝဝ ပေးရန် တစ်ပြေးညီ သတ်မှတ်ထားသည်။
သို့ရာတွင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကဲ့သို့ မြိုကြီးများမှလွဲ၍ မဲဆောက်၊ တာ့ခ်ခရိုင် စသည့် နယ်စပ်ဒေသများတွင်မူ ထိုင်းအစိုးရ တရားဝင်သတ်မှတ်ထားသည့် ဘတ် ၃ဝဝ ကို ရရှိခြင်း မရှိကြောင်း၊ အချို့လုပ်ငန်းရှင်များကို အလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်အားခ ဘတ် ၃ဝဝ ကို အပြည့်အဝပေးနိုင်ခြင်း မရှိကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။
ထိုင်းတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လုပ်အားခမပေးခြင်း၊ လုပ်အားခအပြည့်အဝ မရခြင်းတို့ကို အများဆုံးကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုစိန်ဌေးက ဆိုသည်။
ထို့ပြင် အချို့သောထိုင်းလုပ်ငန်းရှင်များမှာ ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူ၍ အလုပ်သမားများကို လုပ်အားခမပေးမှုများ ရှိနေကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိရာနိုင်ငံဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော် လေးသန်းနီးပါးရှိကြောင်းလည်း သိရသည်။
-
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်အထောက်အထားရယူရန် စောင့်ဆိုင်းနေစဉ်
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment