0

- မာဂျေ

မာဂျေသာ ရန်ကုန်မြို့တော်ဝန် ဖြစ်ရင် နောက်နေ့ သတင်းစာထဲမှာ ထည့်မယ့် ကြော်ငြာပါ။ အတန်းပညာ တတ်ရန်မလို၊ ဘာဘွဲ့လက်မှတ်မှ တင်ပြရန်မလို၊ ယုတ်စွအဆုံး စာတတ်ရန်မလို၊ ဘယ်ရပ်ကွက် လူကြီး ထောက်ခံစာမှမလို၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာမလို၊ အကျင့်စာရိတ္တ ကောင်းရန်မလို၊ လက်တွေ့ မိုးတားနိုင်သူများကို ပြန်တမ်းဝင် အရာရှိအဖြစ် အမြန်ခန့်အပ်ချင်ပါတယ်ဆိုပြီး ပြူးတူးပြဲတဲ ကြော်ငြာကြီးကို ထည့်ဦးမှာ။ ရန်ကုန် ရွှေမြို့တော်ကြီး အတွက် ပုဒ်မ၄၃၆ ပြင်ဖို့လည်း ဒီလောက် အရေးမကြီးဘူး၊ ၅၉(စ) ပြင်ဖို့လည်း ဒီလောက် လောစရာမလိုဘူး၊ အမျိုးဘာသာ သာသနာလည်း နောက်မှချစ်လို့ရတယ်။ ပီအာစနစ် ကျင့်သုံးမယ် မသုံးဘူးဆိုတာကလည်း ထားလိုက်၊ အဝေးကြီး။ လောလောဆယ် အရေးကြီးတာက မိုးကလေး တစ်ပြိုက်နှစ်ပြိုက် ကျတာနဲ့ ရွှေမြို့တော်ကြီး ရေနစ်တဲ့ ဒုက္ခက အရေးအကြီးဆုံး မဟုတ်လားဗျာ။

ရန်ကုန်မှာ မြို့တော်ဝန်ပေါင်း မြောက်များစွာ တစ်ယောက်ပြီး တစ်ယောက် စားဝါးသွား(အဲလေ) ကောင်းရာကောင်းကြောင်းတွေ လုပ်သွားပေမယ့် ကောင်းကင်က ဦးမာဃကို ဘယ်သူမှ မနိုင်ဘူး ဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ် ရွာသွားတဲ့ မိုးကတော့ မနက်ပိုင်းလောက် ရွာတာတောင် ဝေသာလီပြည် ကပ်ဆေးမိုး ရွာသလိုဖြစ်ကုန်တယ်။ စမ်းချောင်းထဲဆိုရင် လမ်းပေါ်မှာ ရေတွေက ခါးလောက်ရောက်သွားတယ်။ လမ်းဘေး အိမ်ရှေ့တွေမှာ ရပ်ထားတဲ့ ကားတွေကတော့ ၀ပ်ရှော့တွေဆီကို ဆွဲပို့ပေတော့ပဲ။ ကားလေးတွေက သေးသေးနိမ့်နိမ့်၊ ရေကပေါင်လယ်လောက်နဲ့ အကုန်လုံး ပျက်စီးကုန်ရော။ မာဂျေတို့လည်း မြင်နေတာပဲဗျာ၊ မြို့တော်ဝန် အဆက်ဆက် ဟိုလမ်းမြှင့်လိုက်၊ ဒီရေနှုတ်မြောင်း ချဲ့လိုက်လုပ်နေတာပဲ။ ဒါပေသိ တစ်နှစ်ထက် တစ်နှစ် ဆိုးဆိုးလာနေတာက မိုးကလေး ညို့တာနဲ့ ရေလွှမ်းတဲ့ လမ်းတွေက တစ်နေ့တစ်ခြား များများလာနေတယ်။

ဒီတော့ သဘာဝတရားအတိုင်း ဖောက်ပြန်နေတဲ့ မိုးလေ၀သကို သဘာဝလွန် နည်းနဲ့ပဲ တားရမယ်။ ဒါကြောင့်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ၃၃မြို့နယ်မှာ မိုးတာဆရာတွေ ခန့်အပ်ဖို့ အရေးတစ်ကြီး လိုနေပြီ။ သူများနိုင်ငံလို မြန်မာနိုင်ငံလုံးဆိုင်ရာ မိုးတား အဖွဲ့ချုပ်တို့ ဘာတို့ရှိရင်လဲ တစ်မျိုးပေါ့လေ။ သူတို့ကို တစ်နှစ်စီ ကန်ထရိုက်ပေးလိုက်ရင် ငြိမ်းတာပဲ။ အခုက အဲဒီလို အဖွဲ့တွေ မရှိလေတော့ တစ်နိုင်ငံလုံး ရွှံ့ထဲကျနေတဲ့ ပတ္တမြားတွေ လိုက်ကောက်ရသလို နွံနစ်နေတဲ့ မိုးတားဆရာတွေကို ဖော်ထုတ်ပြီး မဟာရန်ကုန် အတွက် အသုံးချဖို့ အရေးတစ်ကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာကနေ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ်တွေကို တိုင်တည်ပါရစေ။ ဒီအဆိုလေးများ လွှတ်တော်မှာ တင်သွင်းပေးကြပါလားဟင်။ အကယ်တန္တု ဒီအဆိုသာ အောင်မြင်ခဲ့ရင်၊ မိုးတားဆရာတွေလည်း ခန့်အပ်နိုင်ခဲ့ရင်၊ မိုးကိုလည်း လိုတာထက် ပိုမရွာအောင် တားနိုင်ခဲ့ရင် မီဒီယာတွေရဲ့ ကျေးဇူးနဲ့ အဲဒီအဆိုတင်သွင်းသူဟာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် မဖြစ်တောင်မှ မြို့တော်ဝန် ဖြစ်မသွားနိုင်ပေလားဗျာ။

ရန်ကုန်မှာ မာဂျေလို တွေးခေါ်ပညာရှင် တစ်ယောက် နေထိုင်တာကို မြို့တော်သူ မြို့တော်သား ရှစ်သန်းက ကျေးဇူးတင်သင့်ပါတယ်။ ဒီလို စိတ်ကူးစိတ်သန်းဟာ သန်းငါးဆယ်သော ပြည်သူတွေထဲက မာဂျေ့ ခေါင်းထဲကပဲ ထွက်တာပါ။ ဘယ်သူကများ ဒီလိုအတွေးမျိုး တွေးမိကြလို့လဲဆိုပြီး ဒီနေရာကနေ ကိုယ့်ကိုယ်ကိုယ်ဖော်တဲ့ ဇီးကွက်ကြီး လုပ်လိုက်ပါရစေ။ မိုးတာဆရာတွေ ခန့်မယ်ဆိုရင် သူတို့အတွက် ကန်တော့ပွဲဖိုးနဲ့ ဖယောင်းတိုင်ဖိုး ဘတ်ဂျက်တော့ လုံလုံလောက်လောက် ချပေးဖို့လိုသဗျ။ ဘတ်ဂျက်မလောက်လို့ ဘုရားကန်တော့ပွဲ ကျတွေနဲ့ဆိုရင် ပညာစွမ်းပေမဲ့ အထောက်အကူ ပစ္စည်းက မစွမ်းဖြစ်မှာလဲ စိုးရသေးတယ်။ ရေနှုတ်မြောင်းတွေ တစ်နှစ်တစ်နှစ် ချဲ့ရတဲ့ ဘတ်ဂျက်ထက် စာရင် ကန်တော့ပွဲ ဘတ်ဂျက်က အပုံကြီး သက်သာပါတယ်။

မိုးရွာတာလေးကို မင်းကဘာလို့ ဒီလောက် ဇာချဲ့နေသလဲဆိုပြီး မြန်မာနိုင်ငံက အွန်လိုင်းတတ်သိ ပညာရှင်များက မာဂျေ့ကို အပြစ်ပြောချင်ကြပါလိမ့်မယ်။ မြန်မာလူမျိုးဆိုတာက ကိုယ်တိုင်က သစ်တစ်ပင်သာ မစိုက်ဖူးရင် နေမယ်၊ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းရတယ်တို့၊ သစ်တော မပြုန်းတီးအောင် ဟိုလိုလုပ်လိုက်ပါလားတို့၊ ပင်လယ်ရေပြင် မြင့်တက်မလာအောင် ဆားများများချက် (အဲလေ) စောင့်ကြည့်ရမယ်တို့ စတဲ့ ပညာရှင်တွေက အများသားကလား။ သူတို့က မာဂျေ့ကို နှာခေါင်း ရှုံ့ချင်ကြပါလိမ့်မယ်။ ဒါပေသိ မြန်မာနိုင်ငံဆိုတာကလည်း ဘာအရည်အချင်းမှမရှိပဲ ယတြာချေပြီး တိုင်းပြည်ကို နှစ်လေးဆယ်လောက် အုပ်ချုပ်လို့ရခဲ့တဲ့ တိုင်းပြည်ဆိုတဲ့ ရာဇ၀င်က မေ့ထားလို့ မရပေဘူးဗျ။

မှန်ရာပြောရင် ဒီအပတ် စကန်နေတဲ့ ကမ္ဘာ့ဖလားဘောပွဲတွေ နိုင်ရပါစေရဲ့ဗျာ။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က အုတ်တွင်း မြို့နယ်ထဲက နေရာတစ်ခုမှာ မိုးတားဆရာ တစ်ယောက်ကို တွေ့ခဲ့ဘူးပါတယ်။ အဲဒီအကြောင်းကို အဲဒီကာလက မာဂျေထုတ်ဝေခဲ့တဲ့ အင်တာဗျူး ဂျာနယ်မှာ ပုံနဲ့တစ်ကွ ဖော်ပြခဲ့ဖူးပါတယ်။ သူက အချိန် အကန့်အသတ်နဲ့ မိုးတားပေးတဲ့ ဆရာဗျ။ သူ့လို လူမျိုး ရန်ကုန်ခေါ်ပြီး မနက်ရှစ်နာရီကနေ ညနေခြောက်နာရီ အတွင်း မိုးမရွာအောင် တားပေးပါလို့ အလုပ်အပ်ရင် ရုံးဝန်ထမ်းတွေ၊ စီးပွားရှာသူတွေ၊ ကျောင်သူ ကျောင်းသားတွေ အတွက် အလုပ်မဖြစ်ပေလားဗျာ။ ညဖက်ကျမှ ရွာရုံမကလို့ မိုးကြိုးပဲပစ်ပစ်ပေါ့။ မိုးသံလေးနဲ့ အိပ်လို့တောင် ကောင်းသေး။ မိုးခြိမ်းတာ ကြောက်တဲ့ သူတွေရှိရင်လဲ ညဖက်ဆိုတော့ ရုပ်ရှင်ထဲကလို ဇာတ်လမ်းလုပ်လို့ မရပေလားဗျာ။

ဒါကြောင့် အခုလို မိုးတွင်း အခါသမယ လမ်းတွေ ရေလျှံပြီး ဒုက္ခရောက်နေရတဲ့ မြို့တော်နေ ပြည်သူအပေါင်း အတွက် အကောင်းဆုံးသော အကြံတစ်ခုကို တူမောရိုးကနေ ပေးလိုက်ရပါတယ်။ ဒီအကြံကို တာဝန်ရှိသူတွေ ဖတ်မိမယ်ဆိုရင် လမ်းတွေလဲ မြှင့်စရာမလိုတော့ပါဘူး။ ရေမြောင်းတွေလည်း ချဲ့စရာ မလိုတော့ပါဘူး။ ရေတွေတက်မှာပေါ့၊ ရေစိမ့်စရာ မြေမှမကျန်တော့တာ၊ တစ်မြို့လုံး ကွန်ကရစ်တွေနဲ့ အဆောက်အဦတွေချည်း ဆောက်နေကြ မဟုတ်လားလို့လည်း အပြစ်တင်စရာ မလိုတော့ပါဘူး။ ဒီအကြံအတွက် တစ်ခုပဲ လိုတာပါ၊ ဒါကြောင့် မကြာခင် ပြန်စတော့မယ့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးမှာ မိုးတားဆရာတွေ အမြန်ခန့်အပ်ဖို့ ထိုအဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ယောက်က အဆိုတင်သွင်းပေးဖို့ ပြည်သူ တစ်ယောက်ဖြစ်တဲ့ မာဂျေက တောင်းဆိုလိုက်ပါရစေလားဗျာ။

- မာဂျေ

Aye Chan Mon Credit To: Tomorrow
http://www.ayechanmon-news1.com/

Post a Comment

 
Top