ACM Re-post 16-6-2014
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ချိတ်ပိတ်ထားသော မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြည်ပသာသနာပြု သင်တန်းသား ခေါ်ယူသည့် ကြော်ငြာကို ဇွန်လ ၁၅ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည်။
နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) အဖွဲ့က ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မဟာသန္တိသုခ (စင်ကာပူပီနန်) ကျောင်းတိုက်ကို ချိတ်ပိတ် အရေးယူထားသော်လည်း ပီနန်ဆရာတော်ကြီး၏ လမ်းညွှန်မှုအရ အဆိုပါ ကျောင်းတိုက်တွင် ဖွင့်လှစ်မည့် သာသနာပြု သင်တန်းသားများ ခေါ်ယူခြင်း ကြော်ငြာစာမှာ ဇွန်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိလာခြင်း ဖြစ်သည်။
ယင်းကြော်ငြာနှင့် ပတ်သက်၍ မဟာသန္တိသုခကျောင်းတိုက်သို့ ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံပိုင်သတင်းစာများ၌ ကြော်ငြာခ ကြိုတင် ပေးသွင်းထားပြီး ဖြစ်၍ သတင်းစာများတွင် ဆက်လက် ပါရှိနေခြင်းသာ ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ သင်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဦးက ပြောကြားသည်။
“ကြော်ငြာ ပါလာတော့ ဘုန်းဘုန်းတွေလည်း ဖုန်းဆက်ကြပါတယ်။ ကျောင်းကြီး ပြန်ဖွင့်နေပြီလား မေးကြတယ်။ ကြော်ငြာခတွေ ပေးပြီးသား ဖြစ်လို့ ဆက်ပါနေတာပါ။ ကျန်တဲ့ အခြေအနေကတော့ သိတဲ့အတိုင်းပါပဲဗျာ” ဟု ဦးသိန်းဦးက ရှင်းပြသည်။
အဆိုပါ သင်တန်းသား ကြော်ငြာတွင် သာသနာတော် ညှိုးနွမ်းစေသည်ဟု ဆိုကာ လူဝတ်လဲ၍ တရားစွဲပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံထားရသော လန်ဒန်ဆရာတော်၏ မိုဘိုင်းလ် ဖုန်းနံပါတ်ဖြစ်သော ၀၉-၅၀၇၃၇၁၄ လည်း ဖော်ပြထားကြောင်း ဆရာတော်များက ပြောကြားသည်။
နိုင်ငံတကာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး သာသနာပြုမည့် အရည်အချင်း ပြည့်စုံသော သံဃာတော်နှင့် သီလရှင်များကို မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် နှစ်နှစ်နှင့် လေးနှစ် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးရန် သင်တန်းသားများကို ဇွန်လဆန်းမှ စတင်၍ နိုင်ငံပိုင်သတင်းစာများက တစ်ဆင့် ခေါ်ယူနေခြင်း ဖြစ်သည်။
အဆိုပါ သင်တန်းများ၌ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန် ပညာရေးတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ပါဝင် ပို့ချမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းခေါ်စာတွင် ဖော်ပြထားသည်။
မဟနအဖွဲ့နှင့် ပီနန်ဆရာတော်တို့အကြား သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေစဉ် ပီနန်ဆရာတော် ဦးဆောင်မှုဖြင့် သင်တန်းများ ဖွင့်လှစ်ရန် ကြော်ငြာခဲ့မှုမှာ ယင်းကျောင်းတိုက်ကို ချိတ်ပိတ် အရေးယူရသည့် အကြောင်းတစ်ရပ် ဖြစ်ကြောင်း မဟနအဖွဲ့၏ ညွှန်ကြားလွှာအရ သိရသည်။
ကျောင်းတိုက် ချိတ်ပိတ်ခံရမှုနှင့် ကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေသော သံဃာတော်ငါးပါး အဓမ္မလူဝတ်လဲ အကျဉ်းချခံရမှုတို့နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော်ကြီးက သတင်းမီဒီယာများသို့ မိန့်ကြားထားသည်။
Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment