Published on: June 15, 2014
Written by: နေထွန်းနိုင်၊ ဇင်ဘိုလွင်
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကိုလိုနီလက်အောက်ခံဘ၀မှ လွတ်လပ်ရေးရရှိသည်အထိ ကြိုးပမ်းမှုများတွင် ပါဝင်ခဲ့ပြီး လွတ်လပ်ရေး ရရှိပြီးချိန်၌လည်း အာဏာရှင်စနစ်ကို ရိုက်ချိုးရန် ကြိုးပမ်းခဲ့သူများတွင် ကျောင်းသားများက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
သို့သော် နှစ်ပေါင်း ၅၀ ကျော် ၁၀၀ ကာလအတွင်း နိုင်ငံ့အရေးအတွက် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ကျောင်းသားများကို အာဏာရှင်များက နည်းမျိုးစုံသုံးပြီး ဖိနှိပ်ချုပ်ချယ်ခြင်းများ အစဉ်တစိုက် ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်များ ခေတ်အဆက်ဆက် အုပ်ချုပ်စဉ်ကာလတွင်လည်း ကျောင်းသားများခေါင်းဆောင်သည့် နိုင်ငံရေးလှုပ်ရှားမှုများ တောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းမှုများ ပြုလုပ်ကာ ကျောင်းသားများနှင့် နိုင်ငံရေးကင်းကွာအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းမှုများ ရှိခဲ့သည်။
လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်းတွင် အတော်အတန် ဖြေလျှော့ပေးမှုအချို့ကြောင့် နိုင်ငံ့အရေးအတွက် ကျောင်းသားများ၏ လှုပ်ရှားမှုများ ရှိလာသော်လည်း အာဏာရှင်များက ကျောင်းသားများကို ဖိနှိပ်ရန် ပြင်ဆင်လာခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၉ ရက်က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့ကို ထိန်းချုပ်ထားသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကျောင်းသားများ နိုင်ငံရေးဆူပူမှု လုပ်ပါက ကျောင်းမှထုတ်ပယ်မည်ဟု ပြင်းထန်စွာ သတိပေးလိုက်သည်။
သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက ထုတ်ပြန်လိုက်သော ကြေညာချက်သည် တစ်နိုင်ငံလုံးရှိ ကျောင်းသားများကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက် အာဏာရှင်များ၏ ဖိနှိပ်မှုကို တွန်းလှန်ခဲ့သည့် ကျောင်းသားထုအား ခေါင်းမထောင်စေရန်အတွက် ကြိုတင်ဖိနှိပ်မှုပြုရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ညွှန်ကြားချက်မှာ ဘာတွေပါသလဲ
ဇွန် ၁၄ ရက်ထုတ် 7 Day Daily ၏ တရားဝင် သတင်းဖော်ပြမှုတွင် ပါဝင်သော ထိုကြေညာချက်၌ ကျောင်းသား/ကျောင်းသူများသည် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုများဖြစ်သည့် နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုများ၊ အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်းဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ပါက အရေးယူမည်ဟု ဖော်ပြထားပြီး နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုများဟု သတ်မှတ်ထားသော ကိစ္စများအတွက် အရေးယူမှုမှာ ကျောင်းမှထုတ်ပယ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ ကြေညာချက်သည် ၂၀၁၄ ခုနှစ် မေ ၂၈ ရက်တွင် ကျင်းပသော သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၄) ၏ သဘောတူ ဆုံးဖြတ်ချက်အရ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကျောင်းမှ ထုတ်ပယ်မည်ဟု ပြောဆိုသည့် ပြစ်မှုများမှာ (၁) ဆူပူလှုပ်ရှားမှုများတွင် ပါဝင်၍ ထိန်းသိမ်းခံရပြီး တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊ ဆူပူလှုပ်ရှားမှုများတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ခြင်း၊ လှုံ့ဆော်မှုကို အားပေးခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုတွင် နောက်လိုက်အဖြစ် ပါဝင်ခြင်းတို့ ဖြစ်သည်။
လက်ရှိအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက လူတိုင်းနိုင်ငံရေးတွင် ပါဝင်ရမည်၊ ပွင့်လင်းမြင်သာမှု ရှိရမည်ဟု ပြောဆိုနေကြချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး ကိုင်တွယ်ထားသည့် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်လာခြင်းကြောင့် ကျောင်းသားများ နိုင်ငံရေးလုပ်ခွင့်ကို ကန့်သတ်လိုသော အာဏာရှင်များ၏ ပြင်ဆင်မှုကို ပို၍ပေါ်လွင်စေခဲ့သည်။
ယင်းညွှန်ကြားချက်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်တွင် ကြော်ငြာသင်ပုန်း၌ ကပ်ခြင်းနှင့် ဆရာများက စာသင်ခန်းများ၌ လိုက်လံပြောကြားမှုများ ပြုလုပ်ခြင်းဖြင့် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်ရှိ သိပ္ပံနှင့် နည်းပညာလက်အောက်ရှိ ကျောင်းများတွင်မူ ထုတ်ပြန်သေးခြင်း မရှိသေးကြောင်း သိရသည်။
ဘယ်လို သုံးသပ်ကြသလဲ
ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းမှာ ယခင်အစိုးရ လက်ထက်က ကျင့်သုံးခဲ့သော ကျောင်းသားများကို ခြိမ်းခြောက်ခြင်းဖြင့် နိုင်ငံရေးဖြင့် ကင်းကွာအောင် လုပ်ဆောင်ခြင်းဟု ယူဆကြောင်း ကျောင်းသားအရေး လှုပ်ရှားသူများက သုံးသပ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများတွင် ကျောင်းသားများ ပါဝင်မှုမှာ ပိုမိုအရှိန်မြင့်လာသဖြင့် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားသည်။
“ဒီအာဏာရှင်စနစ် ကျင့်သုံးပြီးတော့ ကျောင်းသားတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်တာတွေ၊ ကျောင်းသားထုရဲ့ လူ့အခွင့်အရေးကို ကန့်သတ်တာတွေဟာ အရင်တုန်းကအတိုင်း တစ်ထေရာတည်း ရှိသေးတယ်။ အခုဟာက ပြင်ဆင်တဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီ ပြင်ဆင်တဲ့အဆင့်ဟာ ရှေ့လာမယ့် ကျောင်းသားလှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့ ပြင်ဆင်တဲ့အဆင့်ကို လုပ်လာတယ်လို့ မြင်တယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဆိုသည်။
“လူငယ်ထုက နိုင်ငံရေးကို စိတ်ပါဝင်စားမှုမရှိအောင် လုပ်လိုက်တဲ့ အရာတစ်ခုလို့ မြင်တယ်။ ဒါက ကျွန်တော်တို့နိုင်ငံမှာ အရေးပါတဲ့ ခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့အတွက်ကို ကြီးမားတဲ့ အနှောင့်အယှက် တစ်ခုပဲ” ဟု ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး အဖွဲ့မှ ကိုဒီငြိမ်းလင်းက ပြောကြားသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ကျောင်းသားတွေ ဘယ်လိုပါဝင်ခဲ့သလဲ
စစ်အစိုးရ အဆက်ဆက်တွင် ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုများကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သော်လည်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ကျောင်းသားလှုပ်ရှားမှုများမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းမှာမူ ဖျောက်ဖျက်ပစ်နိုင်ခြင်း မရှိခဲ့ပေ။
အာဏာရှင်စနစ် ကျင့်သုံးပြီးတော့ ကျောင်းသားတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်တာတွေ၊ ကျောင်းသားထုရဲ့ လူ့အခွင့်အရေးကို ကန့်သတ်တာတွေဟာ အရင်တုန်းကအတိုင်း တစ်ထေရာတည်း ရှိသေးတယ်။ အခုဟာက ပြင်ဆင်တဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီ ပြင်ဆင်တဲ့အဆင့်ဟာ ရှေ့လာမယ့် ကျောင်းသားလှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့ ပြင်ဆင်တဲ့အဆင့်ကို လုပ်လာတယ်လို့ . . . . .
အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၀ ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပြီး အဆိုပါသပိတ်ကြီးမှာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် နိုင်ငံရေး အသိအမြင်များ ဖွင့်ပေးနိုင်ခဲ့သည့်အတွက် ယင်းနေ့ဖြစ်ပေါ်ခဲ့ရာ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ထို့နောက် ၁၉၃၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒုတိယတက္ကသိုလ် သပိတ်ကြီးမှလည်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း အပါအ၀င် ကျောင်းသားခေါင်းဆောင် အများအပြားကို မွေးထုတ်ပေးခဲ့ပြန်သည်။ ထို့နောက် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပေါ်လာရေးအတွက် ကျောင်းသားခေါင်းဆောင်များကပင် ဦးဆောင်ခဲ့ကြပြီး ဆက်လက်ဖြစ်ပွားခဲ့သော တတိယကျောင်းသား သပိတ်အတွင်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရသော်လည်း အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ စုစည်းမိခဲ့ပြီး ဆက်လက်ကြိုးပမ်းမှုများကြောင့် မြန်မာ့လွတ်လပ်ရေး ရရှိခဲ့သည်။
ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေကို ဘယ်လိုနှိပ်ကွပ်ခဲ့သလဲ
အာဏာရှင်စနစ်ကို တွန်းလှန်သည့် ကျောင်းသားလှုပ်ရှားမှုများမှာ ကိုလိုနီခေတ်တွင်သာမက မြန်မာပြည် စစ်အာဏာရှင်စနစ်အောက် ရောက်ရှိပြီးနောက်ပိုင်း ဆက်တိုက်ဖြစ်ပွားမှုများ ရှိခဲ့ပြီး စစ်အစိုးရက လက်နက်ဖြင့်သာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။
ပထမဆုံး အနေဖြင့် ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်း၏ အိမ်စောင့်စစ်အစိုးရ တက်လာပြီးပြီးချင်းမှာပင် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲတွင် လှည့်လည်ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ ပို့ပစ်ခဲ့သည်။
ထို့နောက် ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဗိုလ်ချုပ်နေ၀င်း စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းမှု ပြုလုပ်ခဲ့ပြီး ဇူလိုင် ၇ ရက်တွင်မူ စစ်အစိုးရ၏ ကျောင်းဝင်းအတွင်း ၀င်ရောက်ခြယ်လှယ်မှုများအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကျောင်းသားများကို လက်နက်များဖြင့် ရက်ရက်စက်စက် နှိမ်နင်းမှုများကြောင့် ကျောင်းသားများ ရာချီသေဆုံးခဲ့ရသည်။
ထို့ပြင် နောက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၈ ရက် အရုဏ်တက်တွင် ဒဏ်ရာရကျောင်းသားများ ခိုနားနေပြီး မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဆောက်အအုံကြီးကို မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် ကျောင်းသားများစွာ သေဆုံးခဲ့ရသည်။
ထို့ပြင် ကျောင်းသား အများအပြားကိုလည်း ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်ခဲ့သည်။
ယင်းကာလအတွင်း ပြောကြားခဲ့သော ဗိုလ်ချုပ်နေ၀င်း၏ ‘ဓား ဓားချင်း၊ လှံ လှံချင်း’ ဆိုသော စကားမှာလည်း သမိုင်းဝင်ခဲ့ပြီး ယင်းနောက်ပိုင်း ၁၉၇၄-၇၅-၇၆ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ဦးသန့်အရေးအခင်း၊ ရွှေတိဂုံအရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း စသည်တို့တွင် ပါဝင်ခဲ့သည့် ကျောင်းသား၊ အလုပ်သမားများကိုလည်း ဦးနေ၀င်းဦးဆောင်ခဲ့သည့် မဆလအစိုးရက လက်နက်ဖြင့်ပင် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြန်သည်။
ထို့နောက် လူထုလူတန်းစား ပေါင်းစုံပါဝင်ခဲ့သည့် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားများကိုလည်း လက်နက်ဖြင့်ပင် နှိမ်နင်းခဲ့ပြီး ယင်းနောက်ပိုင်း တက်လာခဲ့သည့် န၀တ စစ်အစိုးရ လက်ထက်တွင်မူ ယင်းကာလ ထိပ်တန်းအရာရှိဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်က ပညာရေးကော်မတီဖွဲ့စည်းကာ ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားရာ နယ်မြေဖြစ်သည့် တက္ကသိုလ်ကြီးများကို ပိတ်ပစ်ခြင်း၊ မြို့အပြင်ဘက်များတွင် တက္ကသိုလ်များ ဆောက်စေပြီး ကျောင်းသားများကို လူစုခွဲခြင်း စသည့်နည်းလမ်းများကို နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ပိတ်ပင်ခဲ့သကဲ့သို့ ယင်းကာလအတွင်းမှာပင် မြန်မာပြည်၏ ပညာရေးစနစ်မှာလည်း အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်မှာ ယခုတိုင်အောင် နာလန်မထူနိုင်သေးဘဲ ရှိနေခြင်းဖြစ်သည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ကြေညာချက်ကို ဘယ်လိုတုံ့ပြန်ကြသလဲ
လက်ရှိ ဝေဖန်မှုများရှိနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် နိုင်ငံသားအခွင့်အရေးအဖြစ် မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် စသည်ဖြင့် ပေးထားသည့်အချိန်တွင် ယခုညွှန်ကြားချက်မှာ နိုင်ငံသားအခွင့်အရေးကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း ကျောင်းသားအရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။
“ကိုယ့်ကို လိုအပ်တာထက်ပိုပြီးတော့ ဖိနှိပ်လာရင်တော့ တုံ့ပြန်ကြတာပဲ။ အခုလည်း တုံ့ပြန်မှာပဲ။ တတ်သလောက်၊ မှတ်သလောက် လုပ်ကြမှာပဲ” ဟု ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက သုံးသပ်သည်။
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုစည်သူမောင်က “ကျောင်းသားတွေ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတာ နိုင်ငံရဲ့ အခြေခံအရ ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းက နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိတယ်ဆိုတာ ပါပြီးသား။ ဒါပေမဲ့ ကျောင်းသားတွေ နိုင်ငံရေးမှာ ပါနေတာကျတော့ အာဏာရ အဖွဲ့အစည်းတွေကို ဆန့်ကျင်ဖို့သက်သက် ပါနေတာပဲလို့ ကျောင်းသားအာဏာပိုင်တွေက နားလည်မှုလွဲနေတယ်။ သမိုင်းတစ်လျှောက် နိုင်ငံရေး အပြောင်းအလဲတိုင်းမှာ ကျောင်းသားက ပညာတတ်လူတန်းစား တစ်ရပ်အဖြစ် ဦးဆောင်ခဲ့တယ်။ ဒီလို ပညာတတ်လူတန်းစား တစ်ရပ်ကိုသာ နိုင်ငံရေးမှာ ပါဝင်ခွင့် မပြုခဲ့ဘူးဆိုရင် တိုင်းပြည်မှာ အရေးကြီးတဲ့ အပြောင်းအလဲတွေတောင် ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး” ဟု ပြောကြားသည်။
ကြေညာချက်တွင် ဖော်ပြခဲ့သော နိုင်ငံရေးဆိုသည်မှာ မည်ကဲ့သို့ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မရှိသည့်အတွက် အရေးမပါကြောင်း၊ ကျောင်းသားအဖွဲ့များ အနေဖြင့်မူ ကျောင်းသားထု အခွင့်အရေးကို တောင်းဆိုကြခြင်းသာဖြစ်ပြီး ယင်းကို နိုင်ငံရေးဟု ယူဆနေကြခြင်း ဖြစ်ဟန်ရှိကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ခံ ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲဇာနည်ထွန်းက ပြောကြားသည်။
“ကျောင်းထုတ်တယ်ဆိုတာက ကျောင်းသားတစ်ယောက်အပေါ်မှာ ဒီထက်ကြီးလေးတဲ့ပြစ်ဒဏ် မရှိဘူး။ ဒါဟာ နိုင်ငံသားတစ်ယောက်ရဲ့ ပညာသင်ကြားခွင့်ကိုပါ ချိုးဖောက်လိုက်တာပဲ။ ဥပမာ ဒီကျောင်းသားက ကျောင်းစည်းကမ်း ချိုးဖောက်တယ်။ တရားဥပဒေနဲ့ ငြိစွန်းတဲ့ ရာဇ၀တ်မှုတစ်ခုခု ကျူးလွန်ရင်တောင်မှ တရားဥပဒေအရပဲ ပြစ်ဒဏ်ပေးရမယ်။ အဲဒီပြစ်ဒဏ်ကို ခံယူပြီးပြီဆိုရင် သူ့ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ ပညာသင်ကြားခွင့်ကိုတော့ ပြန်ပေးရမယ်။ ပညာသင်ကြားခွင့်ကို ဖျက်ဆီးတာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု မြောက်တယ်” ဟု ရမည်းသင်း နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ထက်နိုင်က ပြောကြားသည်။
ကျောင်းသားတွေကို ဖိနှိပ်ဖို့ ပြင်ဆင်နေပြီလား
ယင်းကဲ့သို့ မြန်မာ့လွတ်လပ်ရေး ကာလတွင် အရေးပါခဲ့သည့် ကျောင်းသားနိုင်ငံရေးကို စစ်အစိုးရ အဆက်ဆက်တွင် ဆက်တိုက်ဖိနှိပ်ခဲ့ပြီး ယခုလည်း ကျောင်းသားနိုင်ငံရေး မလုပ်ရဟူသည့် ကြေညာချက် ထုတ်ပြန်လာခြင်းမှာ တစ်ကျော့ပြန် နှိပ်ကွပ်မှုများ၏အစ ဖြစ်မလားဟူသည့် သုံးသပ်မှုများ ရှိလာသည်။
“အဓိကကတော့ ဒါက အရင်ခေတ်ကအတိုင်းပဲ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ အရာတစ်ခုလို့ ယူဆတယ်။ ဒါက မလုပ်သင့်ဘူးလေ။ အခု အစိုးရကလည်း နိုင်ငံရေးမှာ အားလုံးပါဝင်ပတ်သက်ဖို့ လုပ်ဆောင်နေတဲ့အခါမှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ရင် ကျောင်းကနေ ထုတ်ပယ်မယ် ဆိုတာမျိုးကတော့ ခြိမ်းခြောက်တဲ့ဟာတစ်ခုလို့ မြင်တယ်” ဟု ကိုဒီငြိမ်းလင်းက ပြောကြားသည်။
အစိုးရအနေဖြင့် လက်ရှိတွင် ယင်းညွှန်ကြားချက်သာမက အမျိုးသားပညာရေး ဥပဒေကြမ်းတစ်ခုကိုလည်း ရေးဆွဲထားပြီး ယင်းဥပဒေကြမ်းကိုလည်း ကျောင်းသားများက နည်းမျိုးစုံဖြင့် ကန့်ကွက်နေသည်။
အထူးသဖြင့် ပညာရေးဆိုင်ရာ ရေတိုရေရှည် စီမံကိန်းများ ပြုစုတင်ပြခြင်းအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်းနှင့် ပြည်ထောင်စုအစိုးရထံ စိစစ်ထောက်ခံ တင်ပြခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ ဖွဲ့စည်းတည်ထောင်ခွင့်ပြုခြင်း၊ ရပ်စဲခြင်း၊ ပိတ်သိမ်းခွင့်ပြုခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ၏ အရည်အသွေးနှင့် အဆင့်အတန်းကို စိစစ်သတ်မှတ်နိုင်ရန် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခြင်း စသည်ဖြင့် လုပ်ပိုင်ခွင့်များ ရှိနေသည့် အမျိုးသားပညာရေးကောင်စီကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းရမည်ဆိုသည့် အချက်အပေါ် အဓိက ကန့်ကွက်နေကြခြင်း ဖြစ်သည်။
“အခု ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ဖို့ ပြင်ဆင်နေတဲ့အချိန်။ လှုပ်ရှားမှုတွေ မြှင့်တင်တော့မယ့် အချိန်မှာ အချိန်ကိုက် လုပ်ဆောင်တာလို့ပဲ ကျွန်တော်မြင်တယ်” ဟု ကိုကျော်ကိုကိုက ပြောကြားသည်။
မည်သို့ပင်ဆိုစေကာမူ ခေတ်အဆက်ဆက် အာဏာရှင်စနစ်နှင့် အာဏာရှင်များ၏ ဖိနှိပ်မှုကို တွန်းလှန်ခဲ့သည့် ကျောင်းသား၏ နိုင်ငံရေး အသိစိတ်ဓာတ်မှာ မည်သို့သော ဖိနှိပ်မှုများနှင့် ရင်ဆိုင်ရစေကာမူ ဦးကျိုးသွားမည် မဟုတ်ကြောင်း ကျောင်းသားလှုပ်ရှားမှု သမိုင်းတွင် ပါဝင်ခဲ့သူတိုင်းက ပြောကြားခဲ့ကြပါသည်။
၂၀-၁၂-၁၉၆၂ ဗိုလ်အောင်ကျော်နေ့တွင် အစိုးရ၏ ဖိနှိပ်မှုများကို မကျေနပ်သည့် ကျောင်းသားများ စုဝေးဆန္ဒပြကြစဉ်
၁၉၈၈ အရေးအခင်းကာလအတွင်း ဆန္ဒပြသူများအား နှိမ်နင်းနေသည်ကို တွေ့ရစဉ်
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment