0

ACM Re-Post 19-6-2014

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မန္တလေးမြို့ရှိ ကျောက်စိမ်း ဈေးကွက်နှင့် အခြား စီးပွားရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပြည်တွင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လွှမ်းမိုးချုပ်ကိုင်မှု ပိုမိုများလာသဖြင့် မန္တလေး ဒေသခံများမှ မကျေမနပ် ဖြစ်နေကြရကြောင်း သိရသည်။

၂၀၀၃ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းနှင့် တခြား တွင်းထွက်ပစ္စည်းများအား Burma Jadeအက်ဥပဒေဖြင့် အမေရိကန် အစိုးရမှ ပိတ်ပင်တားဆီးချိန်မှစ၍ တရုတ် စီးပွားရေး လုပ်ငန်းရှင်များမှ မြန်မာ့ ကျောက်စိမ်း ဈေးကွက်အား လွှမ်းမိုးချုပ်ကိုင်လာကြောင်း ကျောက်မြတ် ရတနာ ရောင်းဝယ်သူများထံမှ သိရသည်။

မန္တလေးမြို့ စိန်ပန်းရပ်နေ ကျောက်စိမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ကိုဇော်ဇော်အောင်က “မန္တလေး ကျောက်စိမ်း ဈေးကွက်က တရုတ်ပေါ်မှာ မူတည်နေတယ်။ သူမ၀ယ်ရင် ရပ်သွားတယ်။ အဓိကကတော့ မြန်မာပြည်မှာရှိတဲ့ ကျောက်တွေက တရုတ်ပြည် သွားတာပဲ။ တရုတ်က ဈေးကွက်ကို သူလုပ်ချင်သလို လုပ်နေတာ မန္တလေး နယ်ခံတွေကလည်း တရုတ်ကို မဆက်ဆံချင်ပဲ အောင့်အီး ဆက်ဆံနေရတာ”ဟု ပြောသည်။

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ကျောက်မြတ် ရတနာ ပြပွဲများတွင် ပြသထားသည့် ကျောက်စိမ်း အများစုသည် မြန်မာပြည်တွင် ထွက်ရှိသည့် ကျောက်စိမ်းများ ဖြစ်နေပြီး ပြပွဲသို့ လာရောက်သူ အများစုက တရုတ်နိုင်ငံထွက် ကျောက်စိမ်းများ အဖြစ် အထင်ရှိနေကြောင်း မန္တလေးမြို့ ကျောက်မြတ် လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ရင်ဖွင့် ပြောကြားသည်။

မန္တလေးမြို့၏ ကျောက်မြတ် ရောင်းဝယ်ရေး အပါအ၀င် အခြား စီးပွားရေး လုပ်ငန်းများတွင်လည်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များမှ လွှမ်းမိုးချုပ်ကိုင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“မန္တလေးမှာက စီးပွားရေး လုပ်ငန်းတိုင်းမှာ တရုတ်တွေ ချုပ်ကိုင်ထားတယ်။ မြေကွက်ဆိုလည်း သူတို့ပဲ တခြား ပဲလုပ်ငန်းတွေ သကြားလုပ်ငန်းတွေမှာလည်း သူတို့ချုပ်ကိုင်ထားတယ်။ မြန်မာပြည်က လူတွေက တရုတ်ပြည် သွားရောင်းရင် ဈေးနှိမ်ထားတယ်။ သူတို့ တရုတ်ချင်း လက်ဝါးချင်း ရိုက်ထားကြတယ်လေ။ တရုတ်ပြည်က လူတွေက မြန်မာပြည်ထဲ လာဝယ်ကြရင် ဈေးကွက်ရဲ့ ဒဏ်မခံနိုင်တော့ အလုအယက် ရောင်းကြတာ။ သူတို့က ဈေးကို ကစားချင်သလို ကစားနေတယ်။ တရုတ်တွေက ညီကြတယ်လေ။ မန္တလေး နယ်ခံသားတွေ အနေနဲ့ အတွင်းပိုင်းမှာ မကျေနပ်ကြဘူး။ ဒါပေမယ့် သူတို့နဲ့လည်း ကင်းကွာလို့လည်း မရဘူး။ အာဏာပိုင်တွေကလည်း တရုတ်တွေကို ပစားပေးနေတယ်လေ” ဟု ကိုဇော်ဇော်အောင်က ပြောကြားသည်။

Aye Chan Mon Credit To: Tomorrow
http://www.ayechanmon-news1.com/

Post a Comment

 
Top