စိုးသန်းလင်း| ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။
သာသနာရေးဝန်ကြီးဌာနဘတ်ဂျတ်တွင် ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ ငွေအလွဲသုံးမှု ရှိမရှိ ဆိုသည်ကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီက စိစစ်သွားမည်ဟု ၎င်းကော်မတီဝင် ကော်မတီရုံးအဖွဲ့မှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမစမီ မဇ္ဈိမကို ပြောသည်။
“ဦးဆန်းဆင့် ငွေအလွဲသုံးမှုရှိ၊ မရှိ ဆိုတာကလည်း ကျွန်တော်တို့ စိစစ်ရမယ့် ကိစ္စတွေထဲမှာ ပါပါတယ်။ ဒါကလည်း ကျွန်တော်တို့ကော်မတီရဲ့ တာဝန်ဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်တယ်ဆိုတာ စိစစ်ရမှာပါ။ တခြားကိစ္စများလည်း ရှိနိုင်ပါတယ်” ဟု အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
တပ်မတော်သားကိုယ်စားလှယ်လေးဦး ပါဝင်ပြီး အဖွဲ့ဝင် ၁၉ ဦးရှိသည့် အဆိုပါ ပြည်သူ့လွှတ်တော် အားကစားယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေးကော်မတီသည် ပြီးခဲ့သည့်သီတင်းပတ်၌ အစိုးရအဖွဲ့ဘတ်ဂျက်များအား ပြန်လည်စိစစ်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ လွှတ်တော်က ခွင့်ပြုပေး လိုက်သည့် ဘတ်ဂျက်များကို မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးပြုကြသည်ကို လွှတ်တော်အနေဖြင့် မြေပြင်အထိ ကွင်းဆင်းကြည့်သင့်သော်လည်း လက်တွေ့၌မကြည့်နိုင် မစစ်ဆေးနိုင်ကြောင်း၊ သို့ရာတွင် တတ်နိုင်သမျှဆောင်ရွက်နိုင်မည် အတိုင်းအတာအထိ ကွင်းဆင်းကြည့်ပြီးစစ်ဆေးရန် ၎င်းအစည်း အဝေး ကဆုံးဖြတ်ခဲ့ကြောင်းလည်း ဦးခိုင်မောင်ရည်က ဖြည့်စွက်ပြောခဲ့သည်။
“မကြာခင်မှာ အစိုးရအဖွဲ့ရဲ့နောက်ဆက်တွဲဘတ်ဂျက်RE (Revised Estimated) တွင် တင်လာတော့ မယ်အရင်ကတင်ခဲ့တဲ့ ဘတ်ဂျက်တွေကို စနစ်တကျသုံးစွဲထားရဲ့လား စိစစ်ဖို့လိုပါပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ ကော်မတီအစည်းအဝေးမှာ အားကစားယဉ်ကျေးမှု ပြန်ကြားရေးနှင့် သာသနာရေးဝန်ကြီးဌာနအတွက် အဖွဲ့ငယ်လေးဖွဲ့ ဖွဲ့ပြီး တစ်ဖွဲ့ချင်းစီကလေ့လာ စိစစ်သွားမည်”ဟု ၎င်းကရှင်းပြသည်။
လွှတ်တော်ရေးရာ ကော်မတီများ အနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ၀န်ကြီး ဌာနတို့၏ ဘတ်ဂျက်များကို လေ့လာစိစစ်သုံးသပ်ထောက်ပြနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားထားသည်။
ဝန်ကြီးဌာနတို့၏ ဘတ်ဂျက်များ အပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏အစီရင်ခံစာကို ဇွန်လအကုန်တွင် လွှတ်တော်သို့ တင်ပြရပြီး ၎င်းအစီရင်ခံစာအပေါ် လွှတ်တော်၏ပြည်သူ့ငွေစာရင်းကော်မတီက လေ့လာ တွေ့ရှိချက်များ သီးခြားအစီရင်ခံစာ ပြုစုရကာ ယင်းအစီရင်ခံစာနှစ်ခုအား သက်ဆိုင်ရာလွှတ်တော်ရေးရာ ကော်မတီများက ထပ်မံလေ့လာစိစစ်ကြရသည့် တာဝန်များကိုလည်း လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြား ထားပြီးဖြစ်သည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီသည် ၎င်း သက်ဆိုင်သော ၀န်ကြီးဌာနလေးခုဖြစ်သည့် အားကစား ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသ နာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့၏ သုံးစွဲပြီး ဘတ်ဂျက်များကို RE တင် မလာမီကြိုတင် စိစစ်ရန်၊ လက်လှမ်းမီသမျှ ကွင်းဆင်းလေ့လာစိစစ်သွားရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးခိုင်မောင်ရည် က ရှင်းပြသည်။
အဖွဲ့ငယ်များတွင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး ကော်မတီဝင်သုံးဦး ပေါင်းလေးဦးစီပါဝင်ပြီး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီရုံးအဖွဲ့မှူးတို့ က အဖွဲ့တိုင်းတွင် ဦးစီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုသို့အဖွဲ့ငယ်လေးဖွဲ့ဖွဲ့ရခြင်းမှာ ကော်မတီ၏ ဆောင်ရွက်ရမည့် အလုပ်များသည် တစ်ပြိုင်ထဲမှာပဲသုံးလေးမျိုး ပေါ်ပေါက်လေ့ရှိသဖြင့် လုပ်ငန်းတွင်ကျယ်စေရန်ရည်ရွယ်ပြီး ယာယီဖွဲ့လိုက် ခြင်းသာ ဖြစ်ပြီး အချို့သောကိစ္စများကိုမူ အဖွဲ့ဝင် ၁၉ ဦးစလုံး ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးခိုင်မောင် ရည်က ပြောသည်။
အစိုးရဖွဲ့၏ နောက်ဆက်တွဲဖြည့်စွက် ရန်ပုံငွေ RE များ လာမည့်လွှတ်တော် အစည်းအဝေးတို့တွင် တင်လာတော့မည် ဖြစ်ရာ ၎င်း RE များမလာမီ ယခင်ခွင့်ပြု ထားပြီး ဘတ်ဂျက်များ စနစ်တကျသုံးစွဲမှု ရှိမရှိကို ယခုရက်ပိုင်းကတည်းက ကြိုတင် စိစစ်သွားကြမည်ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။
ဦးဆန်းဆင့်အား ရမည်းသင်းထောင် တွင်ထားရှိပြီး ၎င်း၏ကိုယ်ရေးအရာရှိကိုမူ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရသေးဟု ဦးဆန်းဆင့်နှင့်နီးစပ်သူ အသိုင်းအ၀ိုင်းက ထုတ်ဖော်ပြောဆိုထားသည်။ ၎င်းကို ငွေသိန်း ၁၀၀ ခန့်အလွဲသုံးသည် ဟုဆိုကာ အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ ရက်က ဖမ်းဆီးခြင်းဖြစ်သည်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.