0

ACM Re-post 16-6-2014

တာရှည်ခံအောင် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားများကို ကာလရှည်ကြာ ပုံမှန်စားသောက်ခြင်းက နှလုံးကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားခဲ့သည်။

ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားဆားနယ်နှင့် ဟော့ဒေါ့ အစရှိသည့် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားများ ပါရှိသော အစားအသောက်များသည် ရေရှည်တွင် နှလုံးဖောက်ပြန်မှု ဖြစ်ပွားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ဆွီဒင်မှ ပညာရှင်များက ယုံကြည်နေသည်။

ပြုပြင်ပြောင်းလဲထားသော အသားများတွင် မီးကင်ခြင်း၊ ဆားနယ်ခြင်း၊ အခြောက်လှမ်းခြင်း၊ တာရှည်ခံ ဆေးဝါးများ ထည့်သွင်းခြင်း အစရှိသည့် နည်းလမ်းများ အသုံးပြုထားပြီးပြီး သဘာဝ အသားများထက် ဆိုဒီယမ် ပါဝင်မှုလည်း ပိုမိုများပြားသည်။

စတော့ခ်ဟုမ်းမြို့ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာဌာနမှ ဒေါက်တာ အေလိုင်ဂျာဝုခ်နှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများသည် နှလုံးရောဂါ ဖောက်ပြန်မှုနှင့် ကင်ဆာရောဂါ မှတ်တမ်း လုံးဝမရှိဖူးသည့် အသက်(၄၅)နှစ်မှ (၇၉)နှစ်ကြား လူပေါင်း (၃၇၀၃၅)ဦး၏ ကျန်းမာရေး မှတ်တမ်းများကို စောင့်ကြည့် လေ့လာခဲ့သည်။

(၁၂)နှစ်မျှ ကြာမြင့်ချိန်တွင် ယင်းစာရင်းအနက် လူပေါင်း(၂၈၉၁)ဦးသည် နှလုံးဖောက်ပြန်မှု ဝေဒနာများ ခံစားခဲ့ရပြီး (၂၆၆)ဦးမှာမူ နှလုံးထိခိုက်မှုဖြင့် သေဆုံးခဲ့ကြသည်။ လေ့လာမှုများအရ ယင်းကဲ့သို့ နှလုံးထိခိုက်သူ အများစုသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားပမာဏ (၇၅)ဂရမ်မျှ ပိုမိုစားသုံးလေ့ ရှိသည်ကို တွေ့ရှိလာရသည်။ ၎င်းတို့၏ နှလုံးထိခိုက်နိုင်ခြေသည် ပြုပြင်ပြောင်းလဲထားသည့် အနီရောင် အသားပမာဏ (၂၅)ဂရမ်အောက်သာ နေ့စဉ်စားသုံးသူများထက် (၂၈)ရာခိုင်နှုန်း ပိုမိုများပြားနေသည်။

ဒေါက်တာဝုခ်က “များသောအားဖြင့် ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေမှာ ဆိုဒီယမ်၊ နိုက်ထရိတ်နဲ့ ဖော့ဖရပ်စ်ဓာတ်တွေ ပါဝင်နေလေ့ရှိတယ်။ ပြီးတော့ အစားအသောက်ကို စွဲလမ်းစေတဲ့ ဓာတ်ပစ္စည်းတွေလည်း ဖြည့်တင်းထားလေ့ ရှိပါတယ်။ မီးကင်ထားတဲ့ အသားမျိုးကျတော့ ပိုလီဆိုက်ကလစ် အေရိုမက်တစ် ဟိုက်ဒရိုဂျင် ကာဘွန်တွေ ပါဝင်နေတတ်တယ်။ ဒီအချက်အလက်တွေ အားလုံးက နှလုံးထိခိုက်မှုကို သာမန်ထက် မြင့်တက်သွားစေတတ်ပါတယ်”ဟု ပြောကြားသွားသည်။

_Ref; Dailydigestnews

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top