0


အုပ်စု(ဇ)မှ တောင်ကိုရီးယား-အယ်လ်ဂျီးရီးယားပွဲစဉ်တွင် အယ်လ်ဂျီးရီးယားအသင်းက တောင်ကိုရီးယားကို (၄-၂)ဂိုးဖြင့် အနိုင်ယူကာ အုပ်စုမှလွတ်မြောက်ရန် မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။
ပထမပွဲတွင် ဘယ်လ်ဂျီယံအား အရေးနိမ့်ထားသော အယ်လ်ဂျီးရီးယားအသင်းမှာ ယခုပွဲတွင် အနိုင်ရရှိရန်အတွက် တောင်ကိုရီးယားအား ဖိအားပေးကစားနိုင်ခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားခံစစ်ပိုင်းကလည်း အယ်လ်ဂျီးရီးယား၏ လျင်မြန်သောတွဲလုံးများဖြင့် ထိုးဖောက်မှုများအား ပြန်လည်ဟန့်တားရာတွင် အမှားအယွင်းများ ရှိခဲ့သည်။ ပွဲချိန်မိနစ် (၂၀)နောက်ပိုင်းတွင် အယ်လ်ဂျီးရီးယား၏ ထိုးဖောက်မှုများ ပိုမိုပီပြင်လာပြီး (၂၆)မိနစ်တွင် ဆလီမာနီနှင့် (၂၈)မိနစ်တွင် ဟာလီချီတို့က ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် (၃၈)မိနစ်တွင် ဒီဂျာဘူက အယ်လ်ဂျီးရီးယားအတွက် တတိယဂိုးသွင်းကာ တောင်ကိုရီးယားတို့၏ စိတ်ဓာတ်အား ရိုက်ချိုးခဲ့သည်။

သို့သော်ဒုတိယပိုင်းပြန်စသည်နှင့် ဖောင်ဖျက်ကစားခဲ့သည့် တောင်ကိုရီးယား
ကြောင့် အယ်လ်ဂျီးရီးယား အခက်ပြန်တွေ့လာသည်။ မိနစ်(၅၀)တွင် ဆွန်ဟောင်မင်က တောင်ကိုရီးယားအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်ခဲ့သည်။ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပြီးနောက် တောင်ကိုရီးယားတို့ ဆက်လက်ဖိအားပေးခဲ့သော်လည်း (၆၂)မိနစ်တွင် ဘရာဟီမီက အယ်လ်ဂျီးရီးယားအတွက် (၄)ဂိုးမြောက်ဂိုး သွင်းယူသွားသဖြင့် တောင်ကိုရီးယားတို့ ကံဆိုးခဲ့ရသည်။

(၇၂)မိနစ်တွင် ကူဂျာချိုးလ်က တောင်ကိုရီးယားအတွက် ဒုတိယချေပဂိုး သွင်းခဲ့ပြီး နောက်ပိုင်း ဂျီဒေါင်ဝန်ကိုပါ ထည့်ထပ်ကာ တိုက်စစ်အားဖြည့်ခဲ့သော် လည်း တောင်ကိုရီးယားအသင်း လိုအပ်နေသည့် ချေပဂိုးတော့ မရခဲ့ချေ။ ပွဲအပြီးတွင် (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့သော အယ်လ်ဂျီးရီးယားအသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် ရုရှားနှင့်ပွဲတွင် အနိုင်ကစားနိုင်ခဲ့ ပါက အုပ်စုမှ လွတ်မြောက်ရန် သေချာမည်ဖြစ်သည်။

ယခုပွဲတွင် (၄)ဂိုးသွင်းယူနိုင်ခဲ့သည့် အယ်လ်ဂျီးရီးယားအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်း (၄)ဂိုး သွင်းနိုင်ခဲ့သည့် ပထမဆုံးအာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

(တောင်ကိုရီးယားအား အနိုင်ယူပြီးနောက် အောင်ပွဲခံနေသည့် အယ်လ်ဂျီးရီးယားအသင်းသားများ) (Photo; AFP)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top