၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ခြင်း မပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နှောင့်ယှက် ဟန့်တားနေသူများသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူမထောက်ခံဘဲ အနိုင်ရယူချင်သူများသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အများပြည်သူ လက်သင့်မခံသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တောင်ငူမြို့နယ် မိုင်ဒါအားကစားကွင်း အတွင်း ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲသာ ဖြစ်ပါက ပြည်သူဆုံးဖြတ်သည်ကို ကျေနပ်စွာ လက်သင့်ခံမည် ဖြစ်ကြောင်း၊ အများပြည်သူက ရွေးကောက်တင်မြှောက်ခြင်း မဟုတ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို မည်သူက ပေးသည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနှင့် အလကားယူရန် စိတ်ကူးထဲပင် မထည့်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
“ကျွန်မ အခုလို ပြောနေတာက တပ်မတော်ကို မုန်းလို့ မဟုတ်ပါဘူး။ ပြည်သူ့အတွက် ဖွဲ့စည်းထားတဲ့ တပ်မတော်က မယူသင့်တဲ့ အခွင့်အရေးကို မယူမိစေဖို့နဲ့ တပ်မတော် သိက္ခာအတွက်ပါ။ မယူသင့်ဘဲယူရင် တပ်မတော် သိက္ခာမဲ့ပါတယ်” ဟု အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ တက်ရောက်လာသော ပြည်သူလူထု ၃၀၀၀ ကျော်ကို ၎င်းက ရှင်းပြသည်။
ယခုနှစ် မေလ နောက်ဆုံးပတ်က စတင်၍ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများကို မြန်မာနိုင်ငံဒေသအနှံ့ရှိ မြို့ကြီးအချို့တွင် ကျင်းပခဲ့ပြီး ယခု တောင်ငူမြို့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ယင်းဟောပြောပွဲကို ၈၈ မျိုးဆက် ကျောင်းသားများ မပါဘဲ NLD ပါတီက သီးသန့်စီစဉ် ကျင်းပသည့် ပွဲဖြစ်ကြောင်း တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီ ဆိုသော်လည်း အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ အလုံးစုံ လွတ်လပ်ပြီး အမှီအခို ကင်းသည်ဟု ပြော၍ မရသည့်အပြင် တစ်ဦးတစ်ယောက်ထဲ၏ လက်ထဲတွင် ရှိနေသည်ဟု ပြောနိုင်ခြင်းကြောင့် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်စေလိုကြောင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။
အဆိုပါ ဟောပြောပွဲသို တောင်ငူခရိုင် အုတ်တွင်း၊ ဖြူး၊ ရေတာရှည်၊ ကျောက်ကြီး၊ ထန်းတပင်နှင့် တောင်ငူမြို့နယ်များမှ ပြည်သူလုထု အင်အား ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြကာ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ထောက်ခံအားပေးခဲ့ကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် (ပုသိမ်) တို့က ဟောပြော ဆွေးနွေးခဲ့ကြပြီး အဆိုပါနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ကြောင်း ဟောပြောပွဲ တက်ရောက်ခဲ့သူများက ပြောကြားသည်။
Aye Chan Mon Credit To: The Voice Weekly
http://
Post a Comment