0

နေပြည်တော်၊ ACM RE-Post 18-6-2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားများကို နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

သွေးလှူဒါန်းပွဲကို နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ရန် စီစဉ်ထားပြီး စာပေ ဟောပြောပွဲကို ဇမ္ဗူသီရိ မြို့နယ်ရှိ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းတွင် စာရေးဆရာ ဦးဘုန်း (ဓာတု) နှင့် ဆရာညီမင်းညိုတို့က ဟောပြောမည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအခမ်းအနားသို့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်မည် ဖြစ်သော်လည်း မည်သည့် အချိန်တွင် တက်ရောက်နိုင်မည်ကို တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အဖ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမိဒေါ်ခင်ကြည်တို့က ရန်ကုန်မြို့ ဒပ်ဖရင်ဆေးရုံတွင် မွေးဖွားခဲ့သည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top