0

ရန်ကုန်၊ ACM Re-Post 2-6-2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်း ဖောက်ဖျက်မှုကြောင့် မှတ်သား ဖမ်းဆီးခံရသည့် ယာဉ်များအနေနှင့် ဒဏ်ငွေ လာရောက်ဆောင်စေရန် ယာဉ်ပိုင်ရှင်၏ နေအိမ်နှင့် ယာဉ်လိုင်းဂိတ်များသို့ မေလ နောက်ဆုံးပတ်မှ စ၍ သတိပေး အကြောင်းကြားစာများ ပေးပို့လျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။
“မှတ်သား ဖမ်းဆီးခံရတာကို ယာဉ်ပိုင်ရှင်တိုင်း မသိနိုင်ဘူး။ လတွေ နှစ်တွေကြာမှ လာဆောင်ရင် ဒဏ်ငွေ ပမာဏက များသွားတယ်။ တချို့ လိုင်းကားတွေဆို ခရီးစဉ် တစ်ခုတည်းနဲ့ ပွိုင့် သုံး၊ လေးပွိုင့်က ဖမ်းတာ ခံရတယ်” ဟု ၎င်းကဆိုသည်။
စာပို့ အကြောင်းအကြားရတွင် ခရီးသည်တင် ယာဉ်များကို သက်ဆိုင်ရာ ယာဉ်လိုင်းဂိတ်သို့ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပြီး အငှားယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များကို ဖမ်းဆီးရမိသည့် ယာဉ်၏ Owner Book ပါ လိပ်စာအတိုင်း အကြောင်းကြားသွားမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ် ဦးအောင်မျိုးလွင်က ပြောကြားသည်။
“ဥပမာ ပါရမီ၊ အဓိပတိယာဉ်ရဲ့ မှတ်သား ဖမ်းဆီးခံရတဲ့ ကားစာရင်းတွေ စုပြီး သူတို့ရုံးချုပ် ပို့မယ်။ မ.ထ.သ က ကျုးလွန်ရင် သက်ဆိုင် ယာဉ်လိုင်းဂိတ်က ဂိတ်မှူးတွေဆီ ပို့သွားမယ်။ ပို့ရမှာ အလှမ်းဝေးတဲ့ နေရာတွေနဲ့ မြို့သစ်တွေကို စာတိုက်ကနေ Register လုပ်ပြီး ပို့မယ်” ဟု ၎င်းကဆိုသည်။
ယာဉ်ပိုင်တစ်ဦး အနေနှင့် အနည်းဆုံး တစ်လတစ်ကြိမ်ခန့် ရဲမှုစစ်လေ့ ရှိကြောင်း ၄၈ မီနီဘတ် ယာဉ်လိုင်းပိုင်ရှင် ဦးနော်မန်က ပြောကြားသည်။
“အရင် စီမံချက် ဒဏ်ငွေတွေ ရှိတုန်းက လစဉ် မစစ်မိလို့ ကျွန်တော်တို့ ဟိုင်းလတ်ကားတွေ ဒါဏ်ငွေ သိန်းဆယ်ချီ ဆောင်ခဲ့ရဖူးတယ်။ ခုလို ဂိတ်အထိ စာပို့တော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ပိုပြီး သတိထား မောင်းလာကြလိမ့်မယ်” ဟု ၎င်းကဆိုသည်။
ယင်းအစီအစဉ်မှာ ခရီးသည်တင် ယာဉ်များအတွက် အဆင်ပြေမှု ရှိသော်လည်း ပုံမှန်နီးပါး အရောင်းအဝယ် လုပ်လေ့ရှိသည့် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များအတွက် လက်ရှိပိုင်ရှင်နှင့် Owner Book ပါ ပိုင်ရှင်ကွဲလွဲမှု ရှိနိုင်ကြောင်း ယာဉ်ဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ ဦးစိုးအောင်က ပြောကြားသည်။
ရန်ကုန်မြို့အတွင်း မေလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း မှတ်သားဖမ်းဆီးမှု ၃၁၀၉ မှု ရှိခဲ့ပြီး ချလန်ဖြတ် အရေးယူမှုပေါင်း ၈၆၁၇ မှုရှိကာ ခရီးသည်တင် ယာဉ်များ၏ ဘေးတံခါးဖွင့် မောင်းနှင်မှု၊ မီးပွိုင့် လူအတင်အချ ပြုလုပ်မှု၊ သတ်မှတ် မှတ်တိုင်တွင် မရပ်နားမှုတို့ကို အများဆုံး ဖမ်းဆီးရမိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

Aye Chan Mon Credit To:The Voice Weekly
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment

 
Top