0

ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကြောင့် လူသေဆုံးမှုတွေ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ပထမဦးဆုံး သေဆုံးရသူကတော့ အသက် ၅၁ နှစ်အရွယ် လီမင်ကျင်းဆိုသူ ဖြစ်ပါတယ်။ စပိန်နဲ့ နယ်သာလင် ကန်နေတဲ့ ပွဲကိုကြည့်ရင်း သူလဲကျသွားပါတယ်။ မိတ်ဆွေတွေက သူ့ကို အရေးပေါ်ကားနဲ့ ဆေးရုံခေါ်သွားပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့ရပါတယ်။ စိတ်လှုပ်ရှားလွန်းလို့ နှလုံးရပ်ပြီး သေသွားရတာလို့ ဆရာဝန်က ပြောပါတယ်။

မကြာသေးမအီကပဲ ကျင်စုနယ် စုဇိုအရပ်မှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ယောက် သေနေတာကို တွေ့ကြရပြန်ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ စနေနေ့ (၂၁ ရက်နေ့) ကပါ။ သူ့ကိုလည်း ဆေးရုံပို့တော့ သေနေပြီလို့ ဆရာဝန်တွေက ပြောကြတယ်။ အဲ့ဒီနေ့က ဂျာမနီ နဲ့ဂါနာ၊ နိုက်ဂျီးရီးယားနဲ့ ဘောစနီးယား၊ အာဂျင်တီးနားနဲ့ အီရန် တို့ယှဉ်ပြိုင်ခဲ့ကြတာပါ။ သူရှေ့မှာ ဖွင့်ထားတဲ့ ကွန်ပျူတာက ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်နေဆဲ ဖြစ်တာကြောင့် သူလည်း ဘောလုံးပွဲကြည့်ရင်းက ရှော့ခ်ရပြီး သေဆုံးသွားပုံရတယ်လို့ ရဲတွေက ကြေညာပါတယ်။

တနင်္ဂနွေနေ့ (၂၂ ရက်နေ့) ကလည်း ရှန်ဟိုင်းမှာ ဘောလုံးပွဲစောင့်ကြည့်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဇိုဆိုသူဟာ ဦနှောက်သွေးကြောပြတ်ပြီး သေရပြန်ပါတယ်။ မနေ့ညကတော့ ဘယ်ဂျီယံနဲ့ ရုရှား၊ အယ်ဂျီးရီးယားနဲ့ တောင်ကိုရီးယား၊ ပေါ်တူဂီနဲ့ အမေရိကန်တို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ သူလည်း ဘောလုံးပွဲကို သုံးညလုံးလုံး မနာတမ်းစောင့်ကြည့်ခဲ့တဲ့ ရလဒ်ကြောင့်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ခုဆိုရင် တရုတ်နိုင်ငံမှာ ဘောလုံးပွဲကို မအိပ်မနေ စောင့်ကြည့်ခြင်းမပြုဖို့၊ တစ်ယောက်တည်း မကြည့်ဖို့ ဆရာဝန်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။ အချိန်ကွာခြားချက်ကြောင့် ညဥ့်နက်မှဘောလုံးပွဲ ထကြည့်နေရတဲ့ တရုတ်တွေ နောက်ထပ် ဘယ်နှစ်ယောက် ထပ်သေမယ် ဆိုတာကိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲပြီးမှ စာရင်းအတိအကျ ကောက်နိုင်မယ်လို့ GB Times သတင်းက ဆိုထားပါတယ်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top