0
ACM Re-post 16-6-2014
Written by: ရွှန်းလဲ့ဝင်း

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းမှ ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း သတင်းရရှိပါသည်။

ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်သစ်ခြောက်စင်း ဝယ်ယူရန်နှင့် ရန်ကုန်လေဆိပ်တွင် ATR လေယာဉ်အကြီးစား ပြင်ဆင်စက်ရုံ ဖွင့်လှစ်ရန် MoU အား မေ ၆ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

“မြန်မာ့လေကြောင်းအနေနဲ့ ATR လေယာဉ် ကုမ္ပဏီကနေ လေယာဉ်ခြောက်စင်း ဝယ်ယူဖို့နဲ့ ATR လေယာဉ် အကြီးစားပြင်ဆင်စက်ရုံ တည်ဆောက်ဖို့အတွက် မေ ၆ ရက်က MoU ရေးထိုးခဲ့ပါတယ်။ ဒုတိယအဆင့် အနေနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ ရှေ့နေချုပ်ရုံးကို တင်ပြထားပါတယ်” ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

မြန်မာ့လေကြောင်းနှင့် ပြင်သစ်နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း၍ ရန်ကုန်လေဆိပ်တွင် ATR လေယာဉ် အကြီးစားပြင်ဆင်စက်ရုံ ဖွင့်လှစ်မည်ဖြစ်ကာ ATR လေယာဉ်ခြောက်စင်းအားလည်း ဝယ်ယူသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများသည် ပြင်သစ်နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်သည့် လေယာဉ်များကို အများဆုံး အသုံးပြု၍ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

ထို့ကြောင့် အဆိုပါ ATR လေယာဉ်များအား ပြုပြင်ပြင်ဆင်မှု ပြုလုပ်ရသည့် အခါတိုင်းတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ATR လေယာဉ်ပြင်ဆင်မှု စက်ရုံများတွင် သွားရောက်ပြင်ဆင်နေရသည်။

မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစားပြင်ဆင်စက်ရုံ ဖွင့်လှစ်ပြီးပါက ပြည်တွင်းလေကြောင်းလိုင်းများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုအပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ဆောင်ရွက်ပေးသွားမည်ဟု သတင်းရရှိသည်။

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် ATR လေယာဉ်ကုမ္ပဏီမှ ATR 72-600 လေယာဉ်ခြောက်စီးအား ထပ်မံဝယ်ယူသွားမည်ဖြစ်သည်။

၁၉၄၈ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ တည်ထောင်ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိတွင် ခရီးသည်တင် လေယာဉ်များအဖြစ် ATR-72 သုံးစင်း၊ ATR-42 တစ်စင်း၊ Beech 1900D သုံးစင်း၊ Embraer 190 နှစ်စင်း စုစုပေါင်း လေယာဉ်ကိုးစင်းဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။ ယင်းပြင် ကုန်တင်သီးသန့် လေယာဉ်များအဖြစ် MA 60 တစ်စီးနှင့် F-28 တစ်စီးတို့အား အသုံးပြုလျက် ရှိသည်။

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top