0

Published on: May 10, 2014
Written by: ကြည်နိုင်

ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်ရှိ Star Tax အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၈ဝ ကျော်သည် စက်ရုံ Production မန်နေဂျာ၏ အုပ်ချုပ်ကို မကျေနပ်၍ ယင်းစက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြောင်း အဆိုပါဆန္ဒပြ အလုပ်သမားများက မေ ၁ဝ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၂ဝ ဝန်းကျင်ရှိ အမျိုးသမီးအများစုပါဝင်သော ဆန္ဒပြအလုပ်သမားများသည် ယင်းသပိတ်စခန်းကို မေ ၈ ရက်မှ စတင်ဖွင့်လှစ်ကာ ၎င်းတို့တောင်းဆိုချက် မရမချင်း သပိတ်စခန်းကို ရုပ်သိမ်းမည် မဟုတ်ကြောင်း အဆိုပါသပိတ်စခန်းတွင် ဖွဲ့စည်းထားသော ၂၁ ဦးအလုပ်သမားကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်မတို့လိုချင်တာ Production မန်နေဂျာ သင်းသင်းနိုင်ကို အလုပ်ကဖြုတ်ချင်ဖြုတ်၊ မဖြုတ်ရင် အလုပ်သမား ၁၈ဝ ကိုဖြုတ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားခုံသမာဓိကောင်စီမှာ တိုင်ကြား၊ ညှိနှိုင်းတာတွေ လုပ်ပေမယ့် အဆင်မပြေလို့ ဒီသပိတ်စခန်းကို ဖွင့်ရတာဖြစ်ပါတယ်။ ဘာဖြစ်လို့ ဖြုတ်ခိုင်းရသလဲဆိုရင် သူဟာ ဗုဒ္ဓဘာသာမြန်မာ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် အလုပ်သမားတွေအပေါ် ရင့်သီးရိုင်းစိုင်းလွန်းတယ်။ ဆက်ဆံတဲ့အခါမှာလည်း မျှမျှတတ မရှိဘူး” ဟု ၂၁ဦး အလုပ်သမားကော်မတီဝင် စက်ချုပ်အလုပ်သမား မစန်းသီတာ ကပြောကြားသည်။

အဆိုပါ မန်နေဂျာမှာ ယင်းစက်ရုံသို့ စတင်ဝင်ရောက်လာစဉ်က All Supervisor ရာထူးဖြင့် အထည်ချုပ်စက်တန်းများကို အုပ်ချုပ်ရသော်လည်း သုံးလခန့်ကြာပြီးနောက် Production မန်နေဂျာရာထူးသို့ တိုးမြှင့်ခံခဲ့ရကြောင်း စက်ရုံအလုပ်သမား မစန်းသီတာက ဆိုသည်။

Star Tax အထည်ချုပ်စက်ရုံ၏ Production Manager မသင်းသင်းနိုင်က “အလုပ်သမားတွေရဲ့ တစ်ဖက်သတ်စွပ်စွဲမှုတွေ ခံနေရတဲ့ ကျွန်မအနေနဲ့ ပြောချင်တာတွေ ရှိပါတယ်။ ကုမ္ပဏီနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်နေတဲ့အတွက် ကျွန်မသူဌေး ခွင့်ပြုမှ ဖြေကြားလို့ရမှာ ဖြစ်ပါတယ်” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန်လည်ဖြေ ကြားခဲ့သည်။

ယင်းသို့ သပိတ်စခန်းဖွင့်ပြီး ဒုတိယမြောက်နေ့ မေ ၉ ရက်က စက်ရုံပိုင်ရှင်ဆိုသူ ထိုင်ဝမ်အမျိုးသမီးက ဆန္ဒပြအလုပ်သမားများထဲမှ အလုပ်သမားသုံးဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

စက်ရုံပိုင်ရှင်ဆိုသူ ထိုင်ဝမ်အမျိုးသမီး နှင့် တွေ့ဆုံရာတွင်ပါဝင်ခဲ့သော ယင်းစက်ရုံတွင် လုပ်သက်ခြောက်နှစ်ခန့် ရှိပြီဖြစ်သည့် စက်ချုပ်အလုပ်သမား မခင်သိန်းနွယ်က “သူဌေးပြောတာက သူ့အတွက် အရမ်းကောင်းတဲ့ မန်နေဂျာဖြစ်နေတဲ့အတွက် ဒီမန်နေဂျာကို ထုတ်မပေးနိုင်ဘူးလို့ ပြောတယ်။ သူ့အမှားမရှိဘူး။ ဒီအလုပ်သမားတွေဘက်ကသာ တစ်ဖက်သတ် အတ္တဆန်နေတဲ့ ပုံစံမျိုးနဲ့ ပြောတယ်။ ဒါပေမဲ့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရုံးမှာ လာမယ့်တနင်္လာနေ့ကျ ရင် ညှိနှိုင်းပေးမယ်လို့တော့ သူဌေးကပြောတယ်” ဟု ဆိုသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြအလုပ်သမားများသည် ယင်းစက်ရုံရှေ့တွင် နေ့ရောညပါ ဆန္ဒပြလျက်ရှိပြီး စက်ရုံ၏ ဝင်ပေါက်တံခါးကိုပိတ်ကာ တည်ဆောက်ထားသော သပိတ်စခန်းကြောင့် စက်ရုံ၏ ဝင်ကုန်ထွက်ကုန် လုပ်ငန်းများ ယာယီရပ်စဲထားကြောင်း ဆန္ဒပြအလုပ်သမားများက ပြောကြားသည်။

“ မန်နေဂျာကို အလုပ်ကထုတ်ပေးဖို့ ပြောတဲ့ကိစ္စက တည်ဆဲဥပဒေနဲ့ မညီလို့ ကျွန်တော်တို့အနေနဲ့ ခုံသမာဓိအဖွဲ့ကို တင်ပေးလိုက်ပါတယ်။ ခုံသမာဓိအဖွဲ့ကလည်း ဥပဒေနဲ့မညီလို့ ဆုံးဖြတ်လို့ မရဘူးဖြစ်နေတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေးပြဿနာပါ။ အစိုးရပြဿနာမဟုတ်ပါဘူး။ လာမယ့် တနင်္လာနေ့ကျရင် ထပ်ပြီး ညှိနှိုင်းပေးဖို့ရှိပါတယ်”ဟု ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ထွန်းက ပြောကြားသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ Star Tax အထည်ချုပ်စက်ရုံမှ အလုပ်သမားများ သပိတ်စခန်း ဖွင့်လှစ်ထားသည်ကို မေ၁၀ ရက်က တွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top