0


ပုသိမ်၊ ACM Re-Post 30-5-2014

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျီးချောင်း ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီသည် ဆွေမျိုးများနှင့် ဖွဲ့စည်းထားသည်ဟု တိုင်ကြားခံရခြင်းကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယင်းဖြစ်ရပ်ကို အထူးကိစ္စအဖြစ် စိစစ်ပြီး ပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်လေးက ပြောကြားသည်။

မြေယာမှုခင်းများကို မှန်ကန်စွာ ဆုံးဖြတ်ပေးခြင်း မရှိသောကြောင့် ဒေသခံ တောင်သူများ နစ်နာလျက် ရှိကြောင်း ကျီးချောင်းကျေးရွာ လယ်သမားများက တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များထံ ကိုယ်တိုင် လာရောက် တိုင်ကြားခဲ့သည်ဟု ၎င်းကပြောဆိုသည်။

ကျီးချောင်းကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီသည် ဆွေမျိုးများနှင့် ဖွဲ့စည်းထားပြီး လယ်ယာမြေ မှုခင်းများကို မှန်ကန်စွာ ဆုံးဖြတ်ပေးခြင်း မရှိသောကြောင့် ဒေသခံ တောင်သူများ နစ်နာမှုများနှင့် ကြုံတွေ့လျက် ရှိကြောင်း၊ ယင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ၎င်းတို့၏ နစ်နာမှုများကို ကိုယ်တိုင် တွေ့ဆုံတင်ပြရန် လယ်သမား ၃၇ ဦးနှင့်အတူ လာရောက်ခြင်း ဖြစ်ကြောင်း လာရောက် တိုင်ကြားသူ တစ်ဦးဖြစ်သည့် ကျီးချောင်းရွာမှ ဒေါ်ခင်မာရီက ပြောဆိုသည်။

“လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်တွေက အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ စာရေးမဖြစ်တဲ့ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီး၊ ကျွန်မလယ်ကို အဓမ္မသိမ်းတဲ့ ဦးသန်းအေး၊ ကျန်အဖွဲ့ဝင်တွေက ကျေးရွာအုပ်ချုပ်ရေးမှူး ယောက်ဖ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မယားညီအစ်ကို၊ ၁၈ နှစ်လောက် တာဝန်ကျေ စပါးသွင်းခဲ့ပေမယ့် တစ်နှစ်မှာ မသွင်းနိုင်လို့ ဆိုပြီး လယ် ၁၀ ဧကကို သိမ်းတော့တာပဲ” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီကို ဆွေမျိုးများဖြင့် ဖွဲ့စည်းထားခြင်းကို သိရှိခြင်း မရှိကြောင်း လယ်ယာမြေမှုခင်းများ ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် ညွှန်ကြားထားကြောင်း ကျိုက်လတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူးက ပြောကြားသည်။
“အဖွဲ့ဝင်တွေကိုတော့ မသိဘူး၊ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမက လင်မယား ဆိုတာတော့ သိတယ်” ဟု ၎င်းကဆိုသည်။

ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် အသိမ်းခံရသော လယ်ယာမြေများကို ခွဲခြားကြည့်ပါက ကုမ္ပဏီ အသိမ်းခံရသော လယ်၊ တာဝန်ကျေစပါး မသွင်းနိုင်၍ အသိမ်းခံရသော လယ်၊ အချင်းချင်း ငွေချေးရာမှ ကြွေးဖြင့် မတရား အသိမ်းခံရသော လယ်များဟူ၍ တွေ့ရမည် ဖြစ်ကြောင်း၊ မူလယ်ပိုင်ရှင်များ အနေနှင့် လယ်မြေတန်ဖိုး မြင့်တက်ခဲ့ခြင်းကြောင့် ပြန်လည် လုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု ဌာနဆိုင်ရာ ဝန်ထမ်းများက သက်ဆိုင်ရာ ဌာနအကြီးအကဲများထံ တင်ပြနေမှုများ ရှိခြင်းကြောင့် ဒေသခံများ လယ်ယာမြေ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်ဟု ကျိုက်လတ်မြို့နယ် ခေတ်သစ် တောင်သူလယ်သမား အစည်းအရုံး (မြန်မာ) ၏ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်အောင်က မှတ်ချက်ပြုသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top