Written by - မောင်တင်ဦး (မြောင်းမြ)
ပြည်သူနှင့် တိုင်းပြည်
တိုင်းပြည်တစ်ပြည် ဖြစ်တည်မှုဟာ ပြည်သူတစ်ရပ် အခိုင်အမာ တည်ရှိမှုကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူမရှိတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး။ ထို့အတူ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုတဲ့ အစိုးရဆိုတာကလည်း အုပ်ချုပ်ခံမယ့် ပြည်သူရှိနေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ပြည်သူရှိသော တိုင်းပြည် ဖြစ်နေရပါမယ်။
စင်စစ်ပြည်သူဆိုတာ တိုင်းပြည်မရှိခင်၊ နိုင်ငံတစ်ခု မပေါ်ထွန်းမီကတည်းက ဓားမဦးချမြေပေါ်မှာ ထွန်ယက်လုပ်ကိုင် စားသောက်ရင်း နေထိုင်လာကြတာပါ။ စိတ်တူကိုယ်တူ ဝါသနာတူ သံယောဇဉ်ကြိုး ရစ်နှောင်ရင်း နီးစပ်ရာ ပြည်သူတွေ စုပေါင်းနေထိုင်လာကြရာမှ မေတ္တာအဝိုင်းအဝန်းတစ်ခု ဖြစ်လာတာပါ။ လေးအိမ်စုခေါ်ခေါ်၊ ဆယ်အိမ်စုခေါ်ခေါ် ကြိုက်သလိုခေါ်။ မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့ သံယောဇဉ်ရှိကြတဲ့ လူတစ်စုမှ စတင်လာတဲ့ လူ့အဖွဲ့အစည်း ငယ်လေးပါ။ လူ့အဖွဲ့အစည်းငယ်လေးတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်လာရာမှ လူ့အဖွဲ့အစည်းကြီးအဖြစ် တိုးတက်လာပါတယ်။ ထိုမှစုပေါင်းနေထိုင်တဲ့ လူအများစုရဲ့ သဘောတူညီမှုနဲ့အတူ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပြီး ရပ်ရွာတွေ၊ မြို့တွေဖြစ်ထွန်းလာရာမှ တိုင်းပြည်ဆိုတာ ပေါ်ပေါက်လာတာပါ။ ပြည်သူကစတဲ့ တိုင်းပြည်မှာ ပြည်သူကောင်းရင် တိုင်းပြည်ကောင်းမယ်။ ပြည်သူညံ့ရင် တိုင်းပြည်ညံ့မယ်။ ပြည်သူသာ တိုင်းပြည်အတွက် ပဓာနကျတယ်ဆိုတာ အလွန်ရှင်းနေတာပါပဲ။
ပြည်သူတွေ ညံ့ရတဲ့အကြောင်းအရင်း
ပြည်သူဆိုတာ နိစ္စဓူဝ စားဝတ်နေရေးအတွက် စက္ကန့်မလပ် လှုပ်ရှားရုန်းကန်နေရသူ များပါတယ်။ ထမင်းတစ်နပ် စားပြီးတိုင်း နောက်ထမင်းတစ်နပ်ကို တွေးပူနေတဲ့သူတွေ များပါတယ်။
ဒါက သာမန်ပြည်သူ၊ ဘေးပယောဂမရှိတဲ့ ပြည်သူကို ဆိုလိုတာပါ။ ဒီလိုမှမဟုတ်ဘဲ စစ်ဘေးကြောင့် သေနတ်ကျည်ဆန်ကိုရှောင်ဖို့ ရရာအထုပ်ကိုဆွဲပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူဆိုရင် စားဝတ်နေရေး အကြောင်းထက် အသက်ဖက်နဲ့ထုပ်နေရတဲ့ အကြောင်းက ပိုအရေးကြီး နေပါတယ်။ တပ်မတော်က ကာကွယ်ရေး အကြောင်းပြပြီး နယ်မြေစိုးမိုးရေးဆိုကာ တပ်စွဲလာပြန်ရင် ပြည်သူခမျာ နေစရာမရှိ ဖြစ်ပြန်ပါရော။ တိုင်းရင်းသား (တော်လှန်ရေးသမား) တွေက နယ်မြေခုခံရေးဆိုကာ တပ်စွဲလာပြန်ရင် ပြည်သူတွေခမျာရရာဆွဲပြီး ပြေးလွှားပုန်းအောင်း ရပြန်ပါရော။
အခြားပယောဂက ကိုယ့်နေရာ ကိုယ့်ဘာသာ အေးအေးလူလူနေ နေရာက ကျူးကျော်သူဆိုတဲ့ တံဆိပ်လာကပ်ပြီး နှင်ထုတ်ခံရပြန်ပါရော။ နောက်တစ်နပ်စာ ထမင်းထက် နောက်တစ်ညစာ အိပ်ရာခင်းကို ဘယ်မှာသွားရှာရမှန်းမသိ ဖြစ်ရပြန်ပါရော။ ကရုဏာရှင် ဘုန်းကြီးကျောင်းမှာ အပူကပ်လို့ တည်းခိုခွင့်ရလိုက်လို့ သက်ပြင်းလေးချမယ် ကြံကာရှိသေး ဘုန်းကြီးကိုပါ အမှုကပတ်ပြန်ပါလေရော။ ဘုန်းကြီးအမှုရွာပတ် ဆိုတဲ့စကားက ရွာသားအမှု ဘုန်းကြီးပတ်လို့ ပြောင်းပြောရမလို ဖြစ်နေပြန်ပါပြီ။ ဒီတော့ ပြည်သူတွေခမျာ ကိုယ့်ကြောင့် တရားဓမ္မကျင့်သုံးမှု ထိခိုက်မှာစိုးလို့ ဘုန်းကြီးကိုလည်း အားမကိုးရဲပြန်ပါဘူး။ ဒီလိုနေထိုင်ရတဲ့ ပြည်သူတွေခမျာ ဘဝဆိုတာကို နားမလည်နိုင်ပါဘူး။ အသိပညာတွေ၊ အတတ်ပညာတွေဆိုတာ ဝေလာဝေးပါ။ ကိုယ့်သားသမီး ကျန်းမာရေးမပြောနဲ့ ကိုယ်ကိုယ်တိုင်တောင် ညောင်နာနာရယ်။
လူ့ဘဝဆိုတာကိုမှ နားမလည်နိုင်တဲ့ လူသားပြည်သူတွေခမျာ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊ ပြည်သူ့တန်ဖိုး ဆိုတာတွေကို နည်းနည်းလေးမှ မစဉ်းစားမိပါဘူး။ ယနေ့ကာလအထိ ကိုယ့်မွေးနေ့ကို မှန်မှန်ကန်ကန် မပြောနိုင်တဲ့ ပြည်သူဦးရေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတော်က ပြည်သူတွေ စာတတ်မြောက်ကုန်ပြီလို့ ပြောနေပေမယ့် လက်တွေ့စာမတတ်တဲ့ ပြည်သူတွေ ဒုနဲ့ဒေးပါ။ ကိုယ်ပိုင်လက်မှတ်ထိုးတတ်တဲ့ အလေ့အထ မရှိကြသေးပါဘူး။ စာချုပ်တစ်ခုခုမှာ လက်မှတ်ရေးထိုးဖို့ လိုလာရင် “ခင်ဗျားပဲ ထိုးလိုက်ဗျာ”ဆိုတဲ့ ပြည်သူတွေ များလှပါရဲ့။ စာချုပ်ထဲမှာ ဘာတွေချည်နှောင်ထားသလဲ။ ဘာတွေထိန်းချုပ်ထားသလဲ။ လက်မှတ်ထိုးပေးရမယ့် ပြည်သူ မသိရိုးအမှန်ပါ။ နောက်တော့မှ စာချုပ်ပါ ဥပဒေအရဆိုကာ လယ်အသိမ်းခံရ။ နွားအသိမ်းခံရ။ နောက်ဆုံး လူပါအသိမ်းခံခဲ့ရတာ ပြည်သူတွေ မမေ့ကြသေးပါဘူး။
မျက်ဖြူစိုက်လေ
ဒီလိုဘဝမျိုးထဲမှာ နေလာတဲ့ ပြည်သူတွေခမျာ ဘာမဆိုအထောက်အထား (document) ခိုင်ခိုင်လုံလုံ ရှိရမယ်။ တစ်နေ့နေ့ ပြဿနာပေါ် ပေါက်လာရင် အထောက်အထား စာရွက်စာတမ်းရှိမှ ခိုင်မာမယ်ဆိုတာ ပြည်သူတွေ မသိကြပါဘူး။ လတ်တလော ပြဿနာမရှိရင် ပြီးရော နောင်ခါလာ နောင်ခါဈေးထား တတ်ကြတဲ့ အေးအေးလူလူ နေတတ်ကြတဲ့ ပြည်သူတွေပါ။ အခုထိ မှတ်ပုံတင်မရှိတဲ့ ပြည်သူတွေအများကြီး ရှိနေပါသေးတယ်။ ယခင်ကာလ မှတ်ပုံတင် ကတ်ပြားရဖို့ ဘယ်ရွေ့ဘယ်မျှ ပေါက်ဈေးရှိခဲ့တယ်ဆိုတာ အများသိကြတဲ့ အတိုင်းပါ။ ဒီလိုအခြေအနေမှာ ငွေကြေးမပြေလည်တဲ့၊ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ မှတ်ပုံတင်ထက် ထမင်းတစ်လုတ်က အရေးကြီးနေပါတယ်။ မုတ်ဆိတ်မွေးထူလပျစ်၊ ပါးသိုင်းမွေးထူလပျစ်နဲ့ မြန်မာတိုင်းရင်းသားရုပ် မပေါက်တဲ့ သူတွေဆီမှာ မှတ်ပုံတင်ကတ်ပြား တစ်စောင်မက (ငွေပေးပြီး) ကိုင်ဆောင်ထားကြပါတယ်။ မြန်မာတိုင်းရင်းသား စကားတစ်လုံးမှ မပြောတတ်ဘဲ မြောက်ဖျားကပိုက်ဆံ အထုပ်လိုက် ကိုင်ထားသူတွေ လက်ထဲမှာလည်း မှတ်ပုံတင်ကတ်ပြားတွေက ပျော်မွေ့တတ်ပါတယ်။ မြန်မာပြည်သား၊ ဟေ့ . . . မြန်မာပြည်သား လို့ ကြွေးကြော်နေတဲ့ မြန်မာပြည်သား စစ်စစ်တွေမှာ မှတ်ပုံတင်ကတ်ပြားက ထာဝရမပြောနဲ့ ခဏလေးတောင် လာမလည်ပါဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ပြည်ထောင်စုထဲမှာ အသင်းကြီးတစ်သင်းက ဝင်ရောက်ကယ်တင် ပေးပါတယ်။ မှတ်ပုံတင်မရှိလို့ ခရီးသွားဖို့ အခက်အခဲရှိနေရင် အဲဒီအသင်းဝင်ကတ်ပြားနဲ့ဆို ချောချောမောမော ခရီးသွားလို့ရအောင် ကူညီမယ်ဆိုကာ အသင်းသားတွေကို စုဆောင်းပါတယ်။ ခပ်ညံ့ညံ့ ပြည်သူတွေက ပြီးစလွယ် စဉ်းစားပြီး မှတ်ပုံတင်ကတ်ပြားရဖို့ မလုပ်တော့ဘဲ အဲဒီအသင်းထဲ ဝင်လိုက်ကြပါတယ်။
ဒီအားနည်းချက်ကိုသိတဲ့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ၊ အစိုးရ လူကြီးမင်းများက အကြောင်းတစ်စုံတစ်ရာ ပေါ်လာတာနဲ့ အထောက်အထား စာရွက်စာတမ်းတင်ပြဖို့ တောင်းဆိုပါတယ်။ မှတ်ပုံတင်လက်မှတ်တောင် ကိုယ်စီကိုယ်င မဆောင်ထားနိုင်တဲ့ ပြည်သူတွေခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့ဘယ်နေရာက ဘာစာရွက်ကိုယူပြီး ထုတ်ပြရမှန်းမသိ ဖြစ်နေရှာပါတယ်။
နောက်ဆုံး ဥပဒေကိုအလွန်မှ လေးစားလိုက်နာတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များက စာရွက်စာတမ်း သက်သေအထောက်အထား မပြနိုင်တာကို အကြောင်းပြပြီး ကျူးကျော်ပြည်သူအဖြစ် နေရာမှ ဖယ်ရှားခံလိုက်ရတာက ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ ဝံပုလွေနဲ့ သိုးငယ်လို သိုးငယ်ဟာ ဘယ်လိုပဲပြောပြော၊ ဘယ်လိုပဲ ခိုင်ခိုင်လုံလုံ ဖြေရှင်း ဖြေရှင်း နောက်ဆုံးတော့ အပြစ်ရှာနေ တဲ့ ဝံပုလွေခံတွင်းထဲ သက်ဆင်းသွားရတာပါပဲ။ ပြည်သူတွေ အားနည်းလေလေ သူတို့တွေ ကြိုက်လေလေ များ ဖြစ်နေပြီလား။
ရန်ကုန်တိုင်းဒေသကြီး အချို့ထဲက ရပ်ကွက်အချို့မှာ ယခင်အစိုးရ လက်ထက်က ပေ ၄ဝ၊ ပေ ၆ဝ မြေ ကွက်တွေ အကွက်ရိုက် ချပေးပါတယ်။ မြေပိုင်ဆိုင်မှုဟာ မြေဂရန် လက်ဝယ်ရှိမှ အမှန်တကယ် ပိုင်ဆိုင်တာပါ။ အမည်ပေါက်၊ အမည်ပြောင်း၊ အရောင်းအဝယ်စာချုပ် စတာတွေ ရှိနေရပါမယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အားနည်းချက်က ရုံးပြင်ကနားကို သွားရမှာကြောက်တတ်ခြင်း၊ လတ်တလော အဆင်ပြေရင် ပြီးစတမ်း စိတ်သတ်မှတ်ခြင်း တို့ကြောင့် မြေဂရန် လျှောက်ထားတဲ့ ကိစ္စကို မလုပ်ဆောင်ကြပါဘူး။ ဒါ ကိုအုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း ရေရှည်အကျိုးမျှော်ကိုးပြီး ပြည်သူတွေကို တိုက်တွန်းခြင်း၊ အသိပေးခြင်း၊ ကူညီခြင်းတို့ကို ထိထိရောက်ရောက် မလုပ်ပါဘူး။ ရေရှည်ထောင်ချောက် ဆင်ထားတာလား။ သာမန်ဖြစ်တာလား။ တိတိကျကျ ပြောမပြနိုင်ပေမယ့် အကြောင်းရှိ၊ ခံလိုက်ရတာက ပြည်သူတွေပဲ ဖြစ်ပါတယ်။ တစ်ခါက ကျူရှင်ဥပဒေဆိုတာ ပြဋ္ဌာန်းထားပါတယ်။ ကျူရှင်သင်တဲ့သူကို ဖမ်းမိရင်ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဥပဒေကို အုပ်ချုပ်သူများက ထိထိရောက်ရောက် အရေးမယူပါဘူး။ အဲဒီဥပဒေက နိုင်ငံရေးစကားပြောမိတဲ့ ကျူရှင်ဆရာကိုတော့ ထိထိရောက်ရောက် အရေးယူလိမ့်မယ်။ ထို့အတူ ရေဒီယိုလိုင်စင်၊ တီဗွီလိုင်စင် ဆိုတာကလည်း ဥပဒေသဘောအရ အခွန်ဆောင်ရပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ အခွန်မဆောင်ကြပါ ဘူး။ အခွန်ဆောင်ဖို့လည်း အုပ်ချုပ်သူများက မဆော်ဩပါဘူး။ အကယ်၍ အုပ်ချုပ်သူက ဖမ်းဆီးလိုသူ ဖြစ်နေမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေအရ ထိုသူလိုင်စင် ဆောင်မထားတာကို အမှုဆင်ပြီး ဖမ်းဆီးပါလိမ့်မယ်။ လမ်းကူးရာမှာ မျဉ်းကျားက ဖြတ်မကူးရင် ဖမ်းပိုင်ခွင့်ရှိပါတယ်။ ဒါကို ထောင်ချောက်အဖြစ် အသုံးချလိုတဲ့ ရဲအချို့က လမ်းဖြတ်ကူးသူ အလွယ်တကူ မမြင်နိုင်တဲ့နေရာက ချောင်းဖမ်းပါတယ်။
လတ်တလော အဖြစ်အပျက်တွေက မိမိအိမ်ပြိုကျတော့မှာကို ပြန်ပြင်ဆောက်နိုင်တဲ့ အင်အားမရှိတဲ့သူတွေက ကန်ထရိုက်ကိုအပ်ပြီး ကန်ထရိုက်တိုက် ဆောက်လုပ်ကြပါတယ်။ ဆောက်လုပ်ခွင့် လျှောက်တဲ့အခါမှာ မြေပိုင်ဆိုင်ကြောင်း ပြနိုင်မယ့်ဂရန် လက်ဝယ်ရှိမထားပါဘူး။ ဂရန်မရှိရင် အိမ်ဆောက်လို့ မရဘူးဆိုတဲ့ နောက်ဆက်တွဲ ဥပဒေက ကပ်ပါလာပါတယ်။ ဒီအားနည်းချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်တွေအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပါတယ်။ မြေရှင် (အိမ်ရှင်) တွေအပေါ် အနိုင်ကျင့်စရာ တစ်ခုအဖြစ် အသုံးချလာကြပါတယ်။
ဒါက ထင်ရှားတဲ့ ဥပဒေတစ်ခုအနေနဲ့ တင်ပြတာပါ။ ဒီလိုမျိုးပြည်သူတွေရဲ့ မသိနားမလည်မှုကို ဥပဒေနားလည်တဲ့ ပုဂ္ဂိုလ်များက ဥပဒေကို အမျိုးမျိုးအသုံးချ အနိုင်ကျင့်နေတာ နယ်ပယ်အသီးသီးမှာ တွေ့နေရပါတယ်။
အထူးသဖြင့် ရိုးသားလွန်းတဲ့ တောင်သူလယ်သမားတွေရဲ့ မြေယာတွေ အသိမ်းခံရမှု ဖြစ်ပါတယ်။ ယခုအခါ တပ်မတော်မှ မြေယာများကို ပြန်စွန့်လွှတ်လိုက်ပြီး သက်ဆိုင်ရာ မြို့နယ်ခရိုင်တွေမှတစ်ဆင့် ပိုင်ရှင်များကို ပြန်လည်ပေးဝေနေကြောင်း သိရပါတယ်။
ဒါပေမဲ့။ ဒါပေမဲ့ပေါ့။ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြရမယ် ဆိုထားပြန်လေတော့ ပေးကားပေး၏ မရ ဖြစ်ကြရပါဦးမယ်။
ပြည်သူကို အနိုင်မကျင့်ပါနဲ့
ကျားသနားမှ နွားချမ်းသာမှာပါ။ အုပ်ချုပ်မင်းလုပ်တဲ့ အဆင့်ဆင့်သော ပုဂ္ဂိုလ်များက ပြည်သူ့ဘဝမှန်ကို နားလည်ကြပါ။ (နားလည်ထားပြီး ထင်ပါတယ်) ပြည်သူတွေအတွက် ဒီမြေဟာဘဝပါ။ စားဝတ်နေရေး တစ်ခုလုံးကို ဒီမြေပေါ်မှာ မြှုပ်နှံ ထားတာပါ။ ဇိမ်ခံဖို့ မဟုတ်ပါဘူး။ ဟိုတယ်ဆောက်ဖို့ မဟုတ်ပါဘူး။ ဂေါက်ကွင်းဆောက်ပြီး ဂေါက်ရိုက်ကစားဖို့ မဟုတ်ပါဘူး။ တစ်ဆင့်ရောင်းစား အမြတ်ကြီးစားဖို့ မဟုတ်ပါဘူး။
ဆိုတော့ ပြည်သူတွေရဲ့သိနားလည်ခွင့်ရအောင် အချိန်မရခဲ့တဲ့ မရအောင် လုပ်ခံထားရတဲ့ အားနည်းချက်ကို အနိုင်မကျင့်စေလိုပါ။ ပြည်သူကို အနိုင်ကျင့်ဖိနှိပ်မယ့်အစား ပြည်သူကို လမ်းကြောင်းမှန်ရောက်အောင် ပြည်သူကို ဦးထိပ်ပန်ဆင်ထားတဲ့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ အုပ်ချုပ်သူများ ပါဝင်သော အစိုးရ တစ်ရပ်ကိုသာ မျှော်လင့်အားကိုးမိပါကြောင်း။
ပေါင်းတည်မြို့၌ ပြုလုပ်သော တပ်မတော်အပါအဝင် အစိုးရဌာနများက သိမ်းယူထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို မေ ၉ ရက်က တွေ့ရစဉ် - ဓာတ်ပုံ-ဝေလင်း(ပြည်)
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment