0

နိုင်ငံရေး ကြယ်ပွင့်သစ်

ဟားဗတ်တက္ကသိုလ်ကျောင်းပြီးထားတဲ့ မီရှဲလ်ဟာ အမေရိကန်နိုင်ငံသားတော်တော်များများရဲ့အမြင်မှာ အသိဉာဏ်ပညာ ထူးချွန်ထက်မြက်သူလို့ မြင်ထားကြပါတယ်။ သူရဲ့အတွေးအခေါ်က ကြည်လင်ရှင်းလင်းတယ်၊ စကားပြောရာမှာ ဟာသဉာဏ်ပါပြီး ပွင့်ပွင့်လင်းလင်း ဒဲ့ဒိုးပြောတတ်တယ်၊ ပရိသတ်အများရှေ့မှာ သူဟာမိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသူ၊ ရဲရင့်ပြတ်သားသူ၊ ဆင်ခြင်ဉာဏ်ရှိသူဖြစ်တယ်။ သူ့မှာ ကြံ့ခိုင်တဲ့စရိုက်ရှိသလို အမျိုးသမီးမှာရှိအပ်တဲ့ နူးညံ့သိမ်မွေ့မှုလည်းရှိတယ်။ ဒီလို ကောင်းမွန်တဲ့အချက်တွေကြောင့် သူဟာ နိုင်ငံရေးလောကမှာ တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်လာနိုင်တယ်လို့ လူတွေက ခန့်မှန်းကြပါတယ်။

အမေရိကန်AP သတင်းဌာနနဲ့ Yahoo တို့ ၂ဝဝ၈ခုနှစ် ဂျူလိုင်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူထုသဘောထားစစ်တမ်းကောက်ယူမှုတစ်ခုမှာ ၃ဝ% က သူ့ကိုနှစ်သက်ပြီး ၃၅%ကို သူ့ကိုမနှစ်သက်ဘူးလို့ ဆိုခဲ့ကြပါတယ်။ နောက် ၄နှစ်အကြာမှာ အမေရိကန်AP သတင်းဌာနနဲ့ Gallup တို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုမှာတော့ အမေရိကန်နိုင်ငံသား ၆၄% က သူ့ကိုနှစ်သက်ကြပြီး အိုဘားမားထက် ၅၃% သာလွန်တဲ့ နှစ်သက်မှုကိုရခဲ့ပါတယ်။ အမေရိကန်မီဒီယာတော်တော်များများက နောင်တစ်ချိန်မှာ မီရှဲလ်သမ္မတအဖြစ်ရွေးချယ်ခဲ့ရင် အောင်မြင်မှုရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

၂ဝဝ၈ခုနှစ် သမ္မတရွေးကောက်ပွဲမှာပါဝင်မယ်လို့ အိုဘားမားမကြေညာခင်မှာ မီရှဲလ်ဟာ လုပ်ငန်းထဲက ထက်မြက်တဲ့အမျိုးသမီးတစ်ဦးပါ။ သူရဲ့တစ်နှစ်လစာက ဒေါ်လာ ၂သိန်း၇သောင်းကျော်ရှိခဲ့ပြီး အိုဘားမားလစာရဲ့ နှစ်ဆရှိပါတယ်။ ဒါပေမယ့် အိုဘားမား ရွေးကောက်ပွဲအောင်မြင်ဖို့ မီရှဲလ်ဟာ လစာကောင်းတဲ့အလုပ်ကထွက်ပြီး လင်ယောက်ျားကို အားပေးထောက်ခံပံ့ပိုးခဲ့ပါတယ်။ အိမ်ဖြူတော်ကိုရောက်ရှိပြီးတဲ့နောက်မှာလည်း မီရှဲလ်ဟာ အိုဘားမားရဲ့ အရေးကြီးတဲ့နိုင်ငံရေးဆွေးနွေးမှုမှာ ပါဝင်အားဖြည့်ခဲ့ပါတယ်။ အိုဘားမားရဲ့ “နံပါတ်တစ် ပါဝင်ဆွေးနွေးသူ”ဖြစ်ခဲ့ပါတယ်။

နယူးယောက်သတင်းစာ အိမ်ဖြူတော်တာဝန်ခံသတင်းထောက် Jodi Kantor က မီရှဲလ်ရဲ့ကြံ့ခိုင်သန်မာမှုက အိုဘားမားနဲ့ ပေါင်းသင်းဆက်ဆံရာမှာလည်း ပိုသိသာမြင်သာတယ်လို့ ဆိုပါတယ်။ “သူ့စရိုက်က သန်မာကြံ့ခိုင်တယ်။ သူက တကယ့်ပဲ ကြံ့ခိုင်တဲ့အမျိုးသမီးလို့ ကျွန်မထင်တယ်။ အရမ်းထူးချွန်ထက်မြက်တဲ့ မိခင်ကောင်းနဲ့ ဇနီးကောင်းတစ်ဦးပါ”။ သတင်းထောက် Peter Baker ကလည်း ဒီအဆိုကိုထောက်ခံခဲ့ပါတယ်။ “သူက ပြတ်သားရဲရင့်သူတစ်ဦးပါ။ သမ္မတရဲ့လုပ်ငန်းဆောင်တာကို သူအရမ်းဂရုစိုက်တယ်၊ သူ့အမျိုးသား ဘာလုပ်နေသလဲဆိုတာကို သူအရမ်းနားလည်တယ်။ သူ့ကို အိုဘားမားရဲ့ ကြာပွတ်ကိုကိုင်ဆောင်ထားသူလို့ ထင်မြင်ကြတယ်။ ပြီးတော့ အိုဘားမားကို စစ်မှန်ရိုးသားရမယ်လို့ သူအမြဲသတိပေးတယ်။ အိုဘားမားလုပ်တဲ့ နည်းလမ်းတွေကိုလည်း မေးမြန်းတတ်တယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း မေးမြန်းတတ်တယ်”။

အမေရိကန် NBC သတင်းဌာနာက သတင်းထောက် Richard Wolf က မီရှဲလ်ဟာ အိုဘားမားထက် ယှဉ်ပြိုင်ခြင်းကို ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။ အလုပ်ကိုပြီးမြောက်အောင် မလုပ်နိုင်သူတွေကို သူမညှာဘူးလို့လည်း ဆိုတယ်။ အိမ်ဖြူတော်နိုင်ငံရေးမှာ မီရှဲလ်ဟာ သြဇာသက်ရောက်မှုရှိတယ်လို့ သူက ဆိုပါသေးတယ်။ အိုဘားမားက သူ့ရဲ့အကြံပေးအဖွဲ့တွေကို “မင်းတို့သိလား… မီရှဲလ်အရမ်းစိတ်ဆိုးနေတယ်၊ အဖွဲ့ရဲ့ဦးတည်ချက်က မကြည်လင် မပြတ်သားဘူးလို့ သူကဆိုတယ်။ အဖွဲ့မှာ စည်းလုံးမှုလျော့နည်းနေတယ်လို့ သူတွေ့ထားတယ်။ ပြီးတော့ စေ့စပ်သေချာတဲ့ စီမံကိန်းလည်းမရှိဘူးလို့ ဆိုတယ်”လို့ ပြောတတ်ပါတယ်။

နောင်တစ်ချိန်မှာ အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်မလား။ ဒီလို အဆိုကြမ်းက အမေရိကန်မီဒီယာတွေကို ဘယ်တော့မှ မပျင်းရိ မပင်ပန်းစေခဲ့ပါဘူး။ မီရှဲလ်ကတော့ ဒီအမေးကို အရယ်နဲ့ပဲ တုန့်ပြန်ခဲ့ပါတယ်။

“အမေရိကန်မှာ အမျိုးသမီးသမ္မတတစ်ဦး ထွက်ပေါ်လာချိန်ရောက်ပါပြီ။ ဒါပေမယ့် အဲဒီအမျိုးသမီးက ကျွန်မတော့မဟုတ်ပါဘူး”

၂ဝ၁၆ခုနှစ်မှာ ဟီလာရီကလင်တန်က အမေရိကန်တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်သူဖြစ်နေပါတယ်။ အဲဒီနောက်မှာရော… လူတွေက မီရှဲလ်ကို မေ့မထားလောက်ကြပါဘူး။ The Wall Street ဂျာနယ်ကပြောခဲ့သလိုပေါ့… အရာအားလုံးဖြစ်နိုင်ပါတယ်….မီရှဲလ်က အခုမှ အသက် ၅ဝပဲရှိသေးတယ်ဆိုတာကို မေ့မထားကြပါနဲ့။

မူရင်းရေးသားသူ -- Xu Donghai (徐东海)
မူရင်း -- ၂ဝ၁၄ ခုနှစ် အမှတ်စဉ် ၁ဝ မေလထုတ် တရုတ်Readers မဂ္ဂဇင်းမှ

နိုင်းနိုင်းစနေ (May. 22. 2014)

ACM Credit To:Nine Nine Sanay @ နိုင်းနိုင်းစနေ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top