0

Published on: May 10, 2014
Written by: နေပြည်တော်သတင်းအဖွဲ့

နေပြည်တော် ပျဉ်းမနားမြို့အတွင်းရှိ ရပ်ကွက်များတွင် နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှု နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။ နှစ်စဉ် နွေရာသီရောက်ချိန်၌ ပျဉ်းမနားမြို့အတွင်းရှိ ရန်အောင် ၂ ရပ်ကွက်၊ ပန်ခင်းရပ်ကွက်နှင့် ကျောက်ကျင်းရပ်ကွက်များတွင် သောက်ရေသုံးရေပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ကျွန်မတို့ရပ်ကွက်ထဲမှာ နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေ အခက်အခဲရှိတယ်။ ဒီမှာရှိတဲ့သူ အများအားဖြင့်တော့ ရေတွင်းမတူးနိုင်ဘူး။ တူးရင်လည်း စက်ရေတွင်း တူးမှရတာ။ စက်ရေတွင်းတူးဖို့ဆိုတာ ကျွန်မတို့ရပ်ကွက်အနေနဲ့က ဆင်းရဲသားရပ်ကွက်ဖြစ်နေတဲ့အတွက် စက်ရေတွင်းမပြောနဲ့ လက်ရေတွင်းတောင်မှ အိမ်တိုင်းမှာမရှိဘူး။ ကျွန်မတို့ရပ်ကွက်အနေနဲ့ ဖြစ်စေချင်တာက တခြားရပ်ကွက်ကျေးရွာတွေလို နိုင်ငံတော်က စက်ရေတွင်း တူးပေးစေချင်ပါတယ်။အခုလို သောက်သုံးရေပြတ်လပ်တဲ့အချိန်မှာ စည်ပင်က ရေပေးဝေနေတော့ အဆင်ပြေပါတယ်”ဟု ကျောက်ကျင်းရပ်ကွက်မှ မခိုင်က ပြောကြားသည်။

အဆိုပါ ရေပြတ်လပ်သော ရပ်ကွက်များတွင် စည်ပင်မှပေးဝေသော ရေပိုက်လိုင်းများ မရှိကြောင်း၊ ရေပြတ်လပ်သောနေရာများကို စည်ပင်မှ ဂါလန် ၅ဝဝ ဆံ့ ကားဖြင့် မတ် ၃ ရက်မှ စတင်၍ ရပ်ကွက်တစ်ခုလျှင် နှစ်ခေါက်နှုန်းဖြင့် နေ့စဉ် ရေပေးဝေလျက်ရှိပြီး အဆိုပါရပ်ကွက်များတွင် သောက်သုံးရေ ပြန်လည်ရရှိမှသာ ရေပေးဝေမှု ရပ်တန့်သွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့ စည်ပင်သာယာရေးကော်မတီရုံးမှ သိရသည်။

ယခင်နှစ် နွေရာသီတွင် နေပြည်တော်အတွင်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများတွင် သောက်သုံးရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ချပေးသော ရန်ပုံငွေများဖြင့် စက်ရေတွင်း၊ လက်ရေတွင်းများ တူးဖော်ထားရှိပြီးဖြစ်သောကြောင့် သောက်သုံးရေ ပြတ်လပ်မှုနည်းပါးကြောင်း သိရှိရပြီး ပျဉ်းမနားမြို့ပေါ်ရပ်ကွက်များတွင် နှစ်စဉ်သောက်သုံးရေ ပြတ်လပ်မှုရှိကြောင်း သိရသည်။

-ပျဉ်းမနားမြို့နယ် ကျောက်ကျင်းရပ်ကွက်တွင် သောက်သုံးရေပြတ်လပ်မှုကြောင့် သက်ဆိုင်ရာမှ ရေပေးဝေမှုများ ပြုလုပ်နေစဉ်

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top