Published on: May 10, 2014
Written by: ချစ်ဝင်းမောင်
သဲကုန်းမြို့နယ်မှ တောင်သူလယ်သမားအချို့ မိမိတို့ လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် ဧပြီလအတွင်းက ကျိန်စာတိုက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့စဉ်
နိုင်ငံရေး လှုပ်ရှားတက်ကြွသူများကို Activists ဟု ခေါ်ကြသည်။ နိုင်ငံရေးသမိုင်း အဆက်ဆက်မှာ Activist တွေ၏ အခန်းကဏ္ဍက ရှေ့ဆုံးမှ အမြဲလိုလိုပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသည့် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းသည် ကိုလိုနီခေတ် Activist ဖြစ်သည်။ Activist တွေကို အစိုးရများက လိုလားလေ့မရှိ။ သူတို့သည် အစိုးရကိုဆန့်ကျင်သူ။ အစိုးရကို အယုံအကြည်မရှိသူ။ အစိုးရ၏ လုပ်ဆောင်ချက်များကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဝေဖန်ပုတ်ခတ်သူ။
စစ်အစိုးရ အုပ်ချုပ်မှုကာလတစ်လျှောက်လုံး Activist များစွာ ပေါ်ထွက်ခဲ့သည်။ သို့သော် အလွန်ပြင်းထန် ရက်စက်သော စစ်အစိုးရ၏ ဖိနှိပ်ခဲ့မှုကြောင့် Activist များစွာ ထောင်သွင်းအကျဉ်းချ ခံခဲ့ရသည်။ စစ်အစိုးရသည် Activist အားလုံး အသံတိတ်သွားအောင် ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ နိုင်ငံရေးဖိနှိပ်မှုတွေ ရှိနေသမျှ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ Activist တွေကတော့ ရှိနေဦးမှာဖြစ်သည်။
ဒီမိုကရေစီကို ပြယုဂ်တစ်ခုအဖြစ် တက်လာသော ယခုအစိုးရ လက်ထက်မှာတော့ Activist တွေ၏ အသံတွေ ပိုကျယ်လောင်လာသလို နေ့စဉ်နှင့်အမျှ သူတို့၏ လှုပ်ရှားမှုတွေကို ဖတ်နေ၊ မြင်နေ၊ ကြားနေရသည်။ မြို့အနှံ့၊ နယ်အနှံ့၊ ပြည်နယ်အနှံ့၊ တိုင်းအနှံ့ မှာ ဆန္ဒထုတ်ဖော်ပွဲတွေကို မကြာခဏ မြင်နေရသည်။ မတရားဖိနှိပ်မှု၊ မတရားအနိုင်ကျင့်ခံရမှုကို ထုတ်ဖော်ကြခြင်းဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတို့က အဖိနှိပ်ခံ ပြည်သူတို့၏ အရေအတွက်ဆန္ဒပြပွဲများ ပြုလုပ်လာကြသောအခါ အာဏာပိုင်အစိုးရ၏ တုံ့ပြန်မှုကား ယခင်စစ်အစိုးရ နည်းနာများအတိုင်း အကြင်နာကင်းမဲ့ဆဲ။ လူသားချင်း စာနာထောက်ထားမှုမဲ့နေဆဲ။
ဒီမိုကရေစီ၏ အခြေခံရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဟောပြောစည်းရုံးခွင့်၊ ဆန္ဒပြခွင့်များ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်သော်လည်း ပုဒ်မ (၁၈)က ထိုအခွင့်အရေးများကို ဟန့်တားထားသည်။ ပုဒ်မ (၁၈) အရ တရားစွဲအရေးယူမှုတွေ အများအပြားဖြစ်လာသည်။ ပြည်သူ့လွှတ်တော်တွင် ထိုကိစ္စဆွေးနွေးကြသောအခါ ပုဒ်မ (၁၈) ကို ဖြေလျှော့ပေးသည့် အချက်တွေ ပါဝင်လာတာကိုတွေ့ရသည်။ သို့သော် တကယ့်လက်တွေ့မှာ တစ်နိုင်ငံလုံး ပုဒ်မ (၁၈) ပြဿနာတွေ မပြီးသေး။ ထိုပုဒ်မဖြင့် လုံခြုံရေးတာဝန်ရှိသူ (ရဲ)တွေက ဥပဒေကိုလိုသလို သုံးစွဲကာ အပြစ်မဲ့ ဆန္ဒထုတ်ဖော်သူ၊တောသူတောင်သားများအား ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသည်။
ဒီရက်အတွင်း ဆန္ဒထုတ်ဖော်သူ လယ်သမားအချို့နှင့် လုံခြုံရေးရဲများ ထိပ်တိုက်ပဋိပက္ခဖြစ်မှု နှစ်ခုကို သတင်းများတွင် ဖတ်လိုက်ရသည်။ တစ်ခုမှာ သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သဲကုန်းမြို့နယ်မှ တောင်သူလယ်သမားအချို့ မိမိတို့လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် ဧပြီ ၁၂ ရက်က ကျိန်စာတိုက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။ ထိုကျိန်စာတိုက်မှုတွင် ပါဝင်သည့် တောင်သူငါးဦးကို သဲကုန်းရဲစခန်းက ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ (၅ဝ၅) (ခ) ဖြင့် တရားစွဲခဲ့ပြီး မေ ၆ ရက်က ကျိန်စာတိုက်မှုတွင် ပါဝင်ခဲ့သော ကိုပေါက်စဆိုသူကို တရားရုံးက အာမခံမပေးဘဲ ပေါင်းတည်အကျဉ်းထောင်သို့ ခေါ်ဆောင်ရာမှ ရဲ များနှင့် လယ်သမားများ ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကိုပေါက်စကို ထောင်ထဲထည့်ရင် သူတို့ကိုပါထည့်ဖို့ နောက်ကလိုက်ပါလာတဲ့ တောင်သူတွေ၊ အမျိုးသမီးတွေ ပြောကြရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ အဲဒီမှာ အမျိုးသမီးနှစ်ယောက်၊ အမျိုးသားတစ်ယောက် သုံးဦး ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံ တက်နေရတယ်။ အလွတ်တန်း သတင်းထောက် ကိုမာနော်ကတော့ အထိုးခံရတာ၊ အဘွားကြီးတွေကို လိုက်ဆွဲရင်း စခန်းမှူးက အမိန့်ပေးချိန်မှာ ရဲက ထိုးလိုက်တာ။
“ကျိန်စာတိုက်သူ ငါးဦးကို ပုဒ်မ (၅ဝ၅) (ခ)နဲ့ လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူး က တရားလိုပြုပြီး တရားစွဲခဲ့တာ။ ကျန်တဲ့သူတွေ အာမခံရပြီး ကိုပေါက်စ ကတော့ အရင်ပုဒ်မ (၁၈) နဲ့လည်း အစွဲခံထားရတော့ အာမခံမရဘူး” ဟု အဆိုပါပဋိပက္ခကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူတို့သည် တိုင်းပြည်ကို ဆူပူအောင် လှုံ့ဆော်နေကြသူများ မဟုတ်။ လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့်အရ မိမိ၏ ဆန္ဒ၊ မိမိ၏ မကျေနပ်မှု၊ မတရားပြုမှုခံရသည်ဟု ယူဆမှုကို လူသိထင်ရှားဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်သည်။ မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခြင်းသည် အခြေခံဒီမိုကရေစီအခွင့်အရေး ဖြစ်သည် . . .
အလားတူ မိမိတို့ လယ်ယာမြေများ သိမ်းဆည်းခံထားရသဖြင့် ပြန်လည်ထွန်ယက် စိုက်ပျိုးရန်ကြိုးပမ်းသူ လယ်သမားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားမှု တစ်ခု မတ္တရာမြို့နယ်မှာဖြစ်ခဲ့ပုံကို အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ရှုလိုက်ရသည်။ ဒေသခံလယ်သမားများက တစ်ဖက်၊ လက်နက်ကိုင်ဆောင်ထားသော ရဲများက တစ်ဖက် မျက်နှာချင်းဆိုင်ဖြစ်နေရသည်မှာ စိတ်မချမ်းသာစရာ။ အလားတူ ပေါင်းတည်အကျဉ်းထောင်ရှေ့မှာ လယ်သူမများနှင့် ရဲတပ်ဖွဲ့ဝင်များ တွန်းထိုးဆွဲရမ်းနေသည့် မြင်ကွင်းမှာလည်း အလွန်အကျည်းတန်လှသည်။
ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများကို အာဏာပိုင်များက တုံ့ပြန်ပုံမှာ စစ်အာဏာရှင် အငွေ့အသက် မပျောက်သေးသည်ကို မြင်နေရသည်။ ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူတို့သည် တိုင်းပြည်ကို ဆူပူအောင် လှုံ့ဆော်နေကြသူများ မဟုတ်။
လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့်အရ မိမိ၏ဆန္ဒ၊ မိမိ၏မကျေနပ်မှု၊ မတရားပြုမှုခံရသည်ဟု ယူဆမှုကို လူသိထင်ရှားဖြစ်အောင် ထုတ်ဖော်ခြင်း ဖြစ်သည်။ မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခြင်းသည် အခြေခံဒီမိုကရေစီ အခွင့်အရေးဖြစ်သည်။
ဤအခွင့်အရေးများကို အာဏာပိုင်တွေက အဘယ်ကြောင့် နှောင့်ယှက်ဟန့်တားမှုတွေ ပြုနေရပါသနည်း။ အဘယ်ကြောင့် အရေးယူဖမ်းဆီးမှုတွေ ပြုနေပါသနည်း။
ပြီးခဲ့သည့် မေ ၅ ရက်ကလည်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ခေါင်းဆောင် ကိုထင်ကျော်ကို တောင်ဥက္ကလာပ ရဲစခန်းက ပုဒ်မ (၅ဝ၅) (ခ) ဖြင့် ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ တောင်ဥက္ကလာပ၊ နန္ဒဝန်ဈေးရှေ့တွင် လက်ရှိအစိုးရအား အယုံအကြည်မရှိကြောင်း စာစောင်ဖြန့်ဝေခဲ့သည့်အတွက်ဟု ဆိုသည်။ ကိုထင်ကျော်သည် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ (Activist) တစ်ဦး ဖြစ်သည်။ လက်ရှိအစိုးရကို အယုံအကြည်မရှိကြောင်း (သူ၏ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်အရ) ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့ မယုံကြည်ကြောင်းကိုလည်း အများပြည်သူသိရှိအောင် သူက ဆော်ဩခြင်းဖြစ်သည်။ သူသည် ဆူပူရန် လှုံ့ဆော်နေသူတစ်ဦး မဟုတ်။ နိုင်ငံသားတစ်ဦး ရပိုင်ခွင့်အရ သူ၏ဆန္ဒ၊ သူ၏ ယုံကြည်မှုကို လွတ်လပ်စွာထုတ်ဖော်နေခြင်း ဖြစ်သည်။
ကိုထင်ကျော်က ထိုသို့ အစိုးရကို အယုံအကြည်မရှိကြောင်း ပြောဆိုတိုင်းလူတွေက လိုက်ယုံချင်မှယုံမည်။ ယုံကြည်ပြီး မည်သူမျှလည်း ဆူဆူပူပူလုပ်ဖို့ စဉ်းစားမှာမဟုတ်။ ကိုထင်ကျော် ဟောပြောတာကို ရပ်ကြည့်ပြီး ထွက်သွားသူလည်း ရှိမည်။ ထွက်မသွားဘဲ နားထောင်သူလည်း ရှိမည်။ ဒီမိုကရေစီနိုင်ငံတွေမှာ လူတစ်ဦးတစ်ယောက် မိမိ၏ဆန္ဒကို ထုတ်ဖော်ခြင်းသည် သာမန် ထမင်းစားရေသောက်ကိစ္စဖြစ်သည်။
ယခု ကိုထင်ကျော်အပေါ် စွဲဆိုလိုက်သော ပုဒ်မမှာ ၅ဝ၅ (ခ)၊ ဆူပူရန်လှုံ့ဆော်မှု။ အာမခံမပေးဘဲနေလို့ရသော ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်နိုင်သည့်ပြစ်မှု။ သဲကုန်းမြို့နယ်က ကျိန်စာတိုက်သော တောင်သူတွေကိုလည်း (၅ဝ၅) (ခ) ဖြင့် တရားစွဲဆိုထားသည်။ ယခု နောက်ပိုင်း ဆန္ဒထုတ်ဖော်ကြသူတွေကို ပုဒ်မ (၁၈) မဟုတ်တော့ဘဲ ပုဒ်မ (၅ဝ၅) (ခ) ဖြင့် အာဏာပိုင်တွေက တရားစွဲဆိုလာတာ တွေ့ရသည်။ ဒါဆိုလျှင် ဆန္ဒထုတ်ဖော်ကြသူ အားလုံး ဆူပူရန်လှုံ့ဆော်သူတွေ ဖြစ်သွားကြပြီလား။ ဟိုယခင် စစ်အစိုးရ လက်ထက်တုန်းကလည်း ဆန္ဒပြသူတွေကို ဆူပူရန်လှုံ့ဆော်သွေးထိုးသူအဖြစ် သတ်မှတ်ခဲ့သည်။ ပုဒ်မ (၅ဝ၅) (ခ) ဖြင့် အရေးယူပြီး ထောင်သွင်းအကျဉ်းချမှုများစွာ ပြုလုပ်ခဲ့သည်။
ယခုလည်း ထိုနည်းလည်းကောင်း ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူတွေကို ပုဒ်မ (၅ဝ၅) (ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးနေကြပြန်ပြီ။ ဘယ်မှာလဲ ဒီမိုကရေစီ။ ဘယ်မှာလည်း ပြည်သူတွေ ရဲ့ အခြေခံရပိုင်ခွင့်။ အစောပိုင်းတုန်းကတော့ ပုဒ်မ (၁၈)။ ခုတော့ ပုဒ်မ (၅ဝ၅) (ခ)။
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment