0

ACM Re-Post 24-4-2014

မိဘမဲ့ကလေးငယ် ၁၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက် ပညာသင်ကြား ပေးနေသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာမှ စိမ့်စမ်းရည် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ကျူးကျော်နေထိုင်သည် ဟုဆိုကာ မေ ၁၆ ရက်က ရဲတပ်ဖွဲ့ဝင်များနှင့် အင်အားသုံးဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ မိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ယခုအခါ မိုးထဲရေထဲတွင် ယာယီတဲများထိုးကာ ကလေးငယ်များ ဆင်းရဲချို့တဲ့စွာ နေထိုင်စားသောက်နေရသည့် ပုံများမှာလည်း စိတ်မကောင်းစရာ ကောင်းလှသည်။

အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုအများဆုံး ပြဿနာများမှာ လယ် မြေ ယာသိမ်းနှင့် ကျူးကျော်ပြဿနာများ ဖြစ်သည်။ နှစ်ပေါင်း ၅၀ကျော် အာဏာရှင်စနစ်၏ ဆိုးမွေကြောင့် လူမသိသူမသိ ခံစားခဲ့ရသော ဒဏ်ရာဒဏ်ချက်များသည် လက်ရှိအသွင်ပြောင်း အစိုးရအပေါ် ဖြေရှင်းရခက်သော ပြဿနာတစ်ရပ်အဖြစ် အပြင်းအထန်ရိုက်ခတ်လျက် ရှိရုံတင်မက လူသားဆန်စွာ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်စွမ်း မရှိသောကြောင့်လည်း နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ ဂုဏ်သိက္ခာ ကျဆင်းစရာများ ဖြစ်ပေါ်လျက်ရှိသည်။ ယခုဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဖယ်ရှားမှုအပြင် တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည် ဟုဆိုကာ သမီးလေးကျေးရွာကို အင်အားသုံးဖယ်ရှားမှု၊ လှိုင်သာယာ ရွှေလင်ပန်းကျူးကျော် ရှင်းလင်းမှု၊ ဒလမြို့နယ် ကျန်စစ်သား ကျူးကျော်ရှင်းလင်းမှု၊ နေပြည်တော်ရှိ ဘုန်းတော်ကြီးကျောင်းများအား ကျူးကျော်အဖြစ် သတ်မှတ်ဖယ်ရှားမှုတို့မှာ ပြည်သူကို ညှာတာသနားခြင်း မရှိဟု လက ညှိုးထိုးဝေဖန်စရာ ဖြစ်ခဲ့သော အစိုးရ၏ ကျူးကျော်ပြဿနာ ဖြေရှင်းနည်းများဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝကပေးသော လက်ဆောင်များဖြင့် ရာသီဥတုသမမျှတပြီး မြေဆီမြေသြဇာ ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ကျယ်ဝန်းသည့် မြေဧရိယာ အနေအထားကလည်း သန်းပေါင်း ၆၀ ကျော် ပြည်သူလူထုအတွက် နေစရာတစ်နေရာ အေးအေးလူလူ ပေးစွမ်းနိုင်စွမ်းရှိသည်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်စတုရန်းမိုင်လျှင် လူဦးရေ ထူထပ်မှုနှုန်း ၃၂၇ ဦး ရှိသည်။ လူဦးရေပေါက်ကွဲမှုနှင့် ကြုံတွေ့နေရသည့် ဘင်္ဂလားဒေ့ရှ်တွင် တစ်စတုရန်းမိုင်လျှင် ၂၈၇၀၊ အိန္ဒိယတွင် ၉၅၄ ဦး၊ တရုတ်တွင် ၃၆၅ ဦး ရှိသည်။ ထိုနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံလို တစ်စတုရန်းမိုင်လျှင် ၁၈၇ ဦးသာ လူဦးရေ ထူထပ်မှုနှုန်းရှိပြီး အသုံးချနိုင်သည့် မြေနေရာ လွတ်ပေါင်းများစွာ ကျန်ရှိနေသေးသော နိုင်ငံတွင် မြေယာမဲ့ ကျူးကျော်ပြဿနာများစွာ ပေါ်ပေါက်နေသည်မှာ ရင်နာစရာ ကောင်းသလို အစိုးရ၏ စီမံခန့်ခွဲမှုအတွက်လည်း ရှက်စရာကောင်းလှသည်။

ကျူးကျော်နေရာများတွင် နေထိုင်နေကြသူများတွင် စီးပွားရေးအရ ပေါ်ပင်လုပ်စားနေသူများ ရှိနေနိုင်သည်မှာ မှန်သော်လည်း အများစုသော မိသားစုများသည် ကျောတစ်ခင်းစာအတွက် အမှန်တကယ် ဒုက္ခတွေ့နေရသူများသာ ဖြစ်ကြသည်။ ယခုလို ကျူးကျော်ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းဖြင့် လူသားမဆန်စွာ ပစ်စလက်ခတ် ဖျက်သိမ်းနှင့် ထုတ်နေရုံမျှဖြင့် ကျူးကျော်ပြဿနာသည် ဖြေရှင်းပြီးသွားမည် မဟုတ်ပေ။ အစိုးရဆိုသည်မှာ နိုင်ငံသားတို့၏ မိဘသဖွယ်ဖြစ်သည်။ မိဘဆိုသည်မှာ အသိုက်အမြုံပြုပေးသူ များဖြစ်သည်။ အသိုက်အမြုံကို ဖျက်ဆီးသူများ မဟုတ်ကြပါ။ အားကိုးရာမဲ့နေသော ကိုယ့်နိုင်ငံသားတို့၏ အသိုက်အမြုံကို ဖျက်ဆီးခြင်းမှာ အစိုးရတစ်ရပ်အဖို့ ရှက်စရာအတိ ဖြစ်ပေလိမ့်မည်။ ထို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကျူးကျော်ပြဿနာကို ဖြေရှင်းရာတွင် စနစ်တကျနှင့် တာဝန်ယူမှုရှိရှိ လူသားဆန်စွာ ဖြေရှင်းကြပါရန် The Daily Eleven သတင်းစာက အလေးအနက်ထား တိုက်တွန်းရေးသား အပ်ပါသည်။

၂၀၁၄ မေလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top