Published on: May 14, 2014
Written by: မျိုးမင်းထက်၊ ရှိုင်းလင်းအောင်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မေ ၁၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ခရီးသည်တင်ယာဉ်တစ်စီးမှာ ကားမှတ်တိုင်တွင် ရပ်စောင့်နေသည့် အမျိုးသမီးနှစ်ဦးကို အရှိန်လွန်ကာ ၀င်တိုက်မိ၍ အမျိုးသမီးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့နယ် အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်စုမှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း အောင်ဇေယျကြိုးတံတားဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် ၉ခ^.... ၃၃၃ အနောက်ပိုင်းခရိုင် အထူးယာဉ်သည် ငါးထိပ်ကားမှတ်တိုင်တွင် ကားစီးရန်စောင့်နေသော အသက် ၆၇ နှစ်အရွယ် ဒေါ်.... နှင့် အသက် ၅၀ နှစ်အရွယ်ခန့်ရှိ အမည်မသိ အမျိုးသမီးတို့ကို အရှိန်လွန်ကာ ၀င်တိုက်မိ၍ အနီးရှိသစ်ပင်နှင့် ညှပ်တိုက်မိကာ သေဆုံးခဲ့ကြောင်း အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်စုမှူးရုံးမှ ရဲအုပ်ဝင်းဋ္ဌေးက ပြောကြားသည်။
“အရှိန်လွန်ပြီး တိုက်တာဖြစ်တယ်။ ကားမှတ်တိုင်မှာစောင့်နေတဲ့ အမျိုးသမီးနှစ်ဦးက အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးခဲ့တယ်။ ယာဉ်မောင်းတွေအနေနဲ့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေကို နားလည်ရမယ်။ ဖမ်းမှာဆီးမှာကြောက်လို့ လိုက်နာခြင်းမျိုး မဟုတ်ဘဲနဲ့ ကိုယ်ပိုင်အသိတရားနဲ့ လိုက်နာဖို့လိုတယ်။ ဒါမှ ယာဉ်တိုက်မှုတွေ လျော့ကျသွားမယ်” ဟု လှိုင်သာယာမြို့နယ် အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်စုမှူးရုံးမှ ရဲအုပ်ဝင်းဋ္ဌေးက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းသူမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထပ်မံသိရှိရသည်။
“ယာဉ်တိုက်မှု ဖြစ်ပွားနေတဲ့ အချိန်မှာ မိုးကရွာနေတယ်။ ယာဉ်တိုက်မှုမှာ ကားမှတ်တိုင်မှာ စောင့်နေတဲ့ အဘွားကြီးနှစ်ယောက်က ဒဏ်ရာရပြီး သေသွားတယ်။ သစ်ပင်နဲ့ ညှပ်တိုက်မိတာဖြစ်တဲ့ တစ်ယောက်ကတော့ မျက်နှာတောင် ပုံဖော်လို့မရဘူး။ ကျွန်တော်တို့ မြင်တာကတော့ နှစ်ယောက်သေတဲ့အပြင် နောက်ထပ်ကားစောင့်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားတယ်” ဟု ယာဉ်တိုက်မှုဖြစ်စဉ်အား တွေ့မြင်ခဲ့ရသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ယာဉ်မောင်းကို လှိုင်သာယာ မြို့မရဲစခန်းတွင် (ပ) ၃၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၃၃၃ ခရီးသည်တင်ယာဉ်က ကားစောင့်နေသည့် အမျိုးသမီးနှစ်ဦးအား ၀င်တိုက်မိခဲ့သည့် ဖြစ်စဉ်အား တွေ့ရစဉ်
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment