ရန်ကုန်၊ မေ ၃
သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းစာဆရာအားလုံး လိုက်နာကျင့်သုံးရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သတင်းမီဒီယာ အဖွဲ့အစည်းများ ပူးတွဲပြုစုသော သတင်းမီဒီယာ ကျင့်ဝတ်ကို အတည်ပြု ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များက ပြောကြားသည်။
ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတကာမီဒီယာ ပံ့ပိုးရေးအဖွဲ့ (IMS) ပူးပေါင်းစီစဉ်မှုဖြင့် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်သည်။
သတင်းမီဒီယာ ကျင့်ဝတ်များကို စာနယ်ဇင်းကောင်စီနှင့် IMS တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာသတင်းစာဆရာများ သတင်းမီဒီယာ ကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး ကိုးမြို့မှ သတင်းမီဒီယာသမား အကြံပြုချက်များနှင့်အညီ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ယင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ရှင်းပြသည်။
ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ပုံနှိပ်မီဒီယာများ အပါအဝင် သတင်းမီဒီယာ လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း လူပုဂ္ဂိုလ်များ အားလုံး လိုက်နာရန်အတွက် အသေးစိတ် အချက်အလက်များ ရေးဆွဲ ထုတ်ပြန်ထားသော အဆိုပါ ကျင့်ဝတ်များကို တည်ဆဲဥပဒေများအရ တရားဝင် စည်းမျဉ်းအဖြစ် သတ်မှတ်ကြောင်း အဆိုပါ ကျင့်ဝတ် စာတမ်းတွင် ဖော်ပြထားသည်။
သတင်းမီဒီယာ အလုပ်မှာ အခက်အခဲနှင့် အန္တရာယ် များပြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ သတင်းမီဒီယာများကို ကန့်သတ်ဖိနှိပ်ခဲ့သော မြန်မာနိုင်ငံတွင် နှစ်အနည်းငယ် အတွင်း သတင်းမီဒီယာများ လွတ်လပ်စွာ လုပ်ကိုင်နိုင်သည်မှာ ဂုဏ်ယူဖွယ် ဖြစ်ကြောင်း ဘီဘီစီ (မြန်မာပိုင်း) ဌာနမှူးဟောင်း သတင်းစာဆရာ လယ်ရီဂျာဂန် က မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံသတင်းစာဆရာ အများစုမှာ အခြေခံသတင်းစာပညာနှင့် ကျင့်ဝတ် အားနည်းမှုများ အတွက် ဝေဖန်စရာများ ပေါ်ထွက်ခဲ့ပြီး အစိုးရ၏ အငြင်းပွားဖွယ် အရေးယူခံရမှုများ ကြုံတွေ့နေရကြောင်း၊ ယခုအတည်ပြု ထုတ်ပြန်သည့် သတင်းမီဒီယာ ကျင့်ဝတ်ကို တစ်နိုင်ငံလုံးရှိ မီဒီယာ အဖွဲ့အစည်း၊ သတင်းစာဆရာများကို ဖြန့်ဝေရန် လိုအပ်ကြောင်း အခမ်းအနား တက်ရောက်လာသော သတင်းစာဆရာများက တညီတညွတ်တည်း ပြောဆိုသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်သည့် သတင်းမီဒီယာ ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်နှင့် မြန်မာသတင်းစာ ဆရာများသမဂ္ဂတို့က ကတိပြု လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ သတင်းမီဒီယာ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီးနောက် ထပ်မံ၍ သတင်းမီဒီယာ ကျင့်ဝတ်ကို သတင်းစာဆရာများနှင့် ညှိနှိုင်းပြုစုခဲ့ခြင်း ဖြစ်ကြောင်း၊ သတင်းမီဒီယာ နည်းဥပဒေ ရေးဆွဲ အတည်ပြုပြီးပါက ယင်းဥပဒေအရ ဖွဲ့စည်းသော စာနယ်ဇင်းကောင်စီကို တာဝန်လွှဲပြောင်းရမည် ဖြစ်ကြောင်း အဆိုပါ ကောင်စီထံမှ သိရသည်။
Aye Chan Mon# Credit To :The Voice Weekly
https://www.facebook.com/excellencemedia
Post a Comment