ရန်ကုန်၊ မေ ၅
နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများ ပြုလုပ်နေသော ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု (MDCF) ခေါင်းဆောင် ဦးထင်ကျော်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၁ ခုက မေလ ၅ ရက်နေ့တွင် တရားစွဲဆိုလိုက်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမော်က ပြောကြားသည်။
တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးတွင် မေလ ၅ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် အရေး၊ အဓမ္မ သိမ်းဆည်းခံ လယ်ယာမြေအရေး၊ လျှပ်စစ်မီး ပြဿနာ စသည့် အရေးကိစ္စများကို ပြေလည်အောင် မဆောင်ရွက်ပေးသည့် လက်ရှိအစိုးရကို အယုံအကြည် မရှိကြောင်း စာသားများ ပါဝင်သည့် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်းကြောင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပထမတော့ လက်ကမ်းစာစောင် ဝေတယ်။ ပြီးတော့ တရားဟောမလို့ လုပ်တယ်ပေါ့။ ဒီအချိန်မှာပဲ တောင်ဥက္ကလာပ ရဲစခန်းက မြို့နယ်မှူး အပါအဝင် လုံထိန်း ၁၅ ယောက်လောက် ရောက်လာပြီး မဝေဖို့ တားတယ်။ သူက တရားဟောဖို့ ရှိသေးတယ် ဆိုပြီး ဟောဖို့လုပ်တော့ စခန်းကို ခေါ်သွားတာပဲ” ဟု ဒေါ်သန်းသန်းမော်က ပြောကြားသည်။
ယင်းသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက စတင် လှုပ်ရှားခဲ့ပြီး ဖြစ်ကာ အဆိုပါ အမှုအတွက် အာမခံ မရကြောင်း၊ လက်တလောတွင် ဦးထင်ကျော်ကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း ၎င်း၏ဇနီးက ဆိုသည်။
အဆိုပါ အမှုအတွက် တောင်ဥက္ကလာပ မြို့နယ် ရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ယင်းကိစ္စအတွက် တာဝန်ယူ ဖြေကြားမည့်သူ မရှိကြောင်း ရဲစခန်းမှ ပြန်လည် ဖြေဆိုသည်။
ဦးထင်ကျော်ကို ကျောက်တံတား၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များ အပါအဝင် ၁၁ မြို့နယ်တွင် အမှုဖွင့် အရေးယူထားပြီး၊ ယင်းသို့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ကျန်ရှိသည့် အင်အားစုများက ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်သန်းသန်းမော်က ဆိုသည်။
Aye Chan Mon# Credit To : The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment