0

ရန်ကုန်၊ မေ ၇

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုက ရရှိသည့် မြန်မာနိုင်ငံ၏ လူဦးရေစာရင်းကို လာမည့် သြဂုတ်လတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အမျိုးသား၊ အမျိုးသမီးဦးရေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လူဦးရေ၊ မြို့နယ်ရှိ လူဦးရေများ စာရင်းကို ထုတ်ပြန်သွားမည် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ် မေလတွင် အပြီးသတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့ပြီး ယင်းအချိန်က လုံခြုံရေး အခြေအနေကြောင့် ကျေးရွာ အုပ်စုပေါင်း ၉၄၂ စု လူဦးရေအားဖြင့် ၁ ဒသမ ၁၇ သန်းကို မကောက်ယူနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး အခြေအနေကြောင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာအားဖြင့် ၉၇ ရွာသာ ကျန်ရှိခဲ့ကြောင်း ဦးခင်ရီက ထပ်မံ ပြောကြားသည်။

ယခင် အစဉ်အဆက် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် “ဝ” ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ပြီး ယင်းအပြင် မိုင်းလား၊ ကိုးကန့် စသည့် ဒေသများတွင်ပါ ကောက်ယူ ရရှိခဲ့ကြောင်းနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းကောက်ရန် လူမျိုးအတွက် အသုံးပြုသည့် သင်္ကေတ (Code) သတ်မှတ်ရာတွင် လူမျိုး သတ်မှတ်ချက် မှားယွင်းမှု၊ လွဲချော်နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွနေမှု၊ မျိုးနွယ်စု တစ်ခုတည်းကို ဒေသန္တရ အခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြမှု၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်း အဖြစ် သတ်မှတ်ထားမှု၊ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံကာ ကောက်ယူခဲ့သဖြင့် မျိုးနွယ်စုများ ကျန်ရစ်ခဲ့မှု စသည့် ပြဿနာများကို သန်းခေါင်စာရင်း ရလဒ်များ ထုတ်ပြန်ပြီးနောက်တွင် ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်ပြီး အဆိုပါ စာရင်းကောက်ယူရန် စာရင်းကောက် တစ်သိန်းခန့်၊ စာရင်းစစ် ၂၀,၀၀၀ ခန့် အသုံးပြုမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top