ACM Re-Post 28-5-2014
အခုနှစ် မှာ မေလ ၂၅ ရက် ကနေ ၃ဝ ရက်နေ့ အထိကို ‘ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်း အပ်နှံရေး ပြည်သူ အားလုံး ပါဝင်ဆောင်ရွက် ပေး’ ဆိုတဲ့ သ တိ ပေးနှိုးဆော်ဆောင်ပုဒ် နဲ့ ကျောင်းဖွင့် ချိန် သီတင်းပတ် ကာလ ဟာ ‘ပန်းကလေးများပွင့်တော့ မည် ဖူးတံပွင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း’ ကဗျာ အလင်္ကာ စာစုလေးကို မိဘ ဆရာ တိုင်းရော၊ ကျောင်းသား၊ ကျောင်းသူတိုင်းပါ ကျောင်းခေါင်းလောင်း ထိုးသံ ချိုချိုဟာ မိမိတို့ ရင်ထဲ တိုးဝင်ရောက် လာကာ လှုပ်ရှား သက်ဝင် လို့နေပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူဘဝ အနေနဲ့ ကျောင်းဖွင့်ချိန် ကာလကို ရင်ခုန်ခံစား ဖြစ်ခဲ့ကြတဲ့ လူငယ် အနုပညာရှင်တို့ရဲ့ တွေ့ ကြုံ ခံစားမှုလေး တွေကို စုစည်း ဖော်ပြပေးလိုက် ပါတယ်။
နန်းဆုရတီစိုး
“နန်းဆုက ဒဂုံ ၁ ကျောင်းမှာ သူငယ်တန်း ကနေ ဆယ်တန်း အထိ တက်ခဲ့တယ်။ ကျောင်းတက်ချိန်က ဇွန်လ မိုးတွေရွာတဲ့ အချိန်ပေါ့။ ကျောင်းတက်၊ ကျောင်းဆင်းမှာ မိုးတွေ ရွာရင် တအားပျော်တယ်။ မိုးရာသီမှာ ကျောင်း တက်ရတာကို လည်းပျော်တယ်။ ကလေးဘဝဆိုတော့ မိုးတွေ ရွာရင်ကို ပျော်နေတာလေ။ ကြီးလာမှ အလုပ် တွေ နဲ့ အသွားအလာ အဆင်မပြေတော့။ နောက်တစ်တန်း အသစ် ပြန်စရ တော့မယ်ဆိုတော့ အဲဒီအချိန်မှာ တအား တက်ကြွနေတယ်။ နွေ ရာသီ ကျောင်းပိတ် ၃ လပြီးလို့ သူငယ်ချင်းတွေ နဲ့ ပြန်တွေ့ ရတော့ ပိုပျော်တယ်။
ကျောင်းထဲမှာ ဆိုရင် နန်းဆုက ကျောင်း ကောင်စီ အတွင်းရေးမှူး လည်းဖြစ်တော့ ကျောင်းရဲ့ လုပ်ငန်း ဆောင် တာ ဆောင်ရွက်ချက်တွေ လည်း ကျောင်း အတွက် နေ့စဉ် လှုပ်ရှားရတယ်။ ကျောင်းမှာ အခမ်းအနားမှူး လုပ်ရတာတို့၊ တေး သရုပ် ဖော်တို့၊ အဖွဲ့လိုက် သင်္ကြန်ယိမ်း ကရတာ တို့၊ ကျောင်း ကျန်းမာရေးတို့၊ ဝတ်ရွတ်အသင်းမှာ အတူတူပါဝင် လှုပ်ရှားခဲ့ ရတာတွေကိုလည်း သတိရ တယ်။ မှတ်မိတယ်။ ကျောင်းမှာ ဗန်းကိုင်တာတို့၊ အဲဒီ လှုပ်ရှားမှုတွေကို ဓာတ်ပုံတွေ ပြန်ကြည့်တိုင်းလည်း သတိရတယ်။ ကျောင်းတက်တုန်း က တအားပျော်ရွှင် ခဲ့ရတယ်။
ကျောင်း တက်တုန်းက ဘဝက စာကြီုးစားခဲ့တဲ့ သူ၊ စာတော်တဲ့ ကျောင်းသူလည်း ဖြစ် ခဲ့တယ်။ ကျောင်းတက်တုန်းက အပူအပင်လည်း မရှိဘူး။ သူငယ်ချင်းတွေ၊ ဆရာမတွေ နဲ့အတူ ဖြတ်သန်း ခဲ့ရတာ ကို ဒီလိုကျောင်း ဖွင့်တဲ့ အချိန်မြင်တိုင်း၊ အဖြူအစိမ်း ကိုမြင်တိုင်း ပြန် သတိရမိတဲ့ ပုံရိပ်တွေပဲ။ ကျောင်း ကိုယ်စားပြုပြီး မြို့နယ် အဆင့်၊ တိုင်းအဆင့် အထိ ပြိုင်ပွဲ ဝင်ခဲ့ဖူးတာတွေ လည်း ရှိတယ်။ ကျောင်းရဲ့ ဂုဏ်ထူးဆောင် အဖြစ် လုပ်ခဲ့ဖူး တာရှိတော့ ဒဂုံ ၁ ကျောင်းကို အာစရိယ ပူဇော် ပွဲ ရောက်ဖြစ်တိုင်း လည်း တကယ် အမှတ် ရနေတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေ ကိုလည်း ကျေးဇူး တင်တယ်။ အဖြူအစိမ်း ကျောင်းသား ဘဝကို ပြန်ရောက် သွားသလိုပဲ။ အရင်တုန်းက လုပ်ခဲ့တာတွေ ကို ပြန် လုပ်ကြည့်ချင်တယ်။ စာစီစာကုံး ပြိုင် ပွဲကို ပြန်ဖြေတာမျိုး၊ ပြိုင်ပွဲ ဝင်ပြိုင်ရတာမျိုးကို တအား သဘောကျတယ်”
မင်းသွေး
“ကျောင်းကို နယ်မှာပဲ ၁ဝ တန်းအထိ တက်ခဲ့တာ။ ကျောင်း တက်ရင် အဝတ်အစား အသစ်တွေကို သိပ် မမက်တတ်ဘူး။ ကျောင်းသွား ရရင်ကို
ပျော်တဲ့ အထဲ မှာပါ တယ်။ ၈ တန်း၊ ၉ တန်းလောက် တုန်းက ဆို ကျောင်းတက်ရင် ပုဆိုးကွင်း သိုင်းပြီးတော့ ရေသွား ကူး၊ ဘောလုံး ကန်ကြတယ်။ ကျောင်း တက်ရတဲ့ ခံစားချက်ကို ကြိုက်တာ”
ဝါဆိုမိုးဦး
“ငယ်ငယ်တုန်းကဆို ကျောင်း သွားတာ မနက် အိပ်ယာထရမှာ
တအားပျင်းတော့ မိဘတွေက အတင်း သွားခိုင်းရတယ်။ ဒီလို ကျောင်းဖွင့်ခါနီး အချိန်ဆို တအား ပျော် တယ်” အင်္ကျီအသစ်၊ လွတ်အိတ် အသစ်၊ ခြင်းတောင်း အသစ်လေးတွေ နဲ့ ကျောင်းစတက်တဲ့နေ့ ဆို တအား ပျော်တယ်။
ဒါပေမဲ့ နောက်နေ့ဆို မသွားချင်တော့ဘူး။ ဝါဆို က ဆိုးတဲ့ အထဲမှာပါတယ်။ ကျောင်းက လသာ (၂) မိန်းကလေး ကျောင်းမှာ တက်ခဲ့တာ။ ဆိုးပေမယ့် ဆရာမတွေက ချစ်ကြတယ်။ အမှတ် အရဆုံးက ကျောင်းမှာ စာသင်နေလည်း မုန့်ခိုး စားတာပဲ။ တအားပျော်ခဲ့ရတဲ့ ကျောင်းသားဘဝပါ”
သဉ္ဇာနွယ်ဝင်း
“အခုဆိုရင် ကျောင်းဖွင့်ချိန် ပြန်ရောက်ပြီ ဆိုတော့ သဉ္ဇာ တို့က ကျောင်းသူဘဝကို သတိရမိတယ်။ ကျောင်းသူ ဘဝကဆိုရင် ကျောင်း စဖွင့်ချိန် စာအုပ် အသစ်တွေဝယ် ရင် အဲဒီ စာအုပ် အသစ် နံ့လေးတွေ ကို တအားကြိုက်တယ်။ နှစ်သက်တယ်။ ကျောင်းဝတ်စုံ အသစ်လေး တွေရရင်လည်း ပျော်တယ်။
ကွန်ပါ ဘူးအသစ်၊ ခံဖျက် အသစ်လေးတွေ လည်းကြိုက်တယ်။ ပြီးတော့ ကျောင်းစ ဖွင့်ချိန်ဆို စိတ်ကူးတစ်ခု အမြဲရှိတယ်။ အဲဒါက ဘာလဲဆို တော့ စာတအား ကြိုးစားမယ် ဆိုတဲ့ စိတ်ကူး အမြဲတမ်း ရှိတယ်။ စစချင်း ကျောင်းစဖွင့်ချိန် ဆိုရင် သူငယ်ချင်း အသစ်တွေ ရတဲ့အတွက်လည်း တအား ကိုပျော်တယ်။ အခု အချိန်မှာ ကျောင်းစိမ်းလေးတွေ နဲ့ ကျောင်း သား၊ ကျောင်းသူလေးတွေ ကိုတွေ့ရင် ကျောင်းပြန်တက်ချင်တဲ့ စိတ် ဖြစ် ပေါ်မိတယ်”
အောင်မင်းခန့်
“နွေရာသီ ကျောင်းပိတ်ပြီး တော့ ကျောင်းပြန်တက် ရတဲ့အချိန် ဆိုရင် တအားပျော်တယ်။ ဘာဖြစ် လို့လည်း ဆိုတော့ ကျွန်တော့် အမေက ကျွန်တော့်ကို အင်္ကျီ အသစ်လေးတွေ၊ ဖတ်စာအုပ် အသစ်လေးတွေ ဝယ် ပေးတယ်။ ကျွန်တော်က ဖတ်စာ အုပ် အသစ်ထက် ဖတ်စာအုပ် အဟောင်းကို ကိုင်ရတာ ပိုပြီး သဘော ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ထက်ကြီးတဲ့ သူရဲ့ ဖတ်စာအုပ် အဟောင်းကို ကိုင်ရတာ သူတို့ရဲ့ စာအုပ်ထဲမှာ မှတ်ထားတဲ့၊ ရေးထား မှတ်ထားတဲ့ အရာတွေရှိတယ်။
အဲဒီ တော့ ကိုယ်ပြန်ကြည့်တဲ့ အခါ သူတို့ မှတ်ထားခဲ့တဲ့ အရာတွေက ကိုယ့် အတွက် အကျိုး ရှိစေတယ်။ ပြီးတော့ ကျောင်းပြန်ဖွင့်ချိန် ဆို သူငယ်ချင်း တွေက အခန်းပြောင်း သွားတဲ့ သူငယ်ချင်းတွေ ရှိတယ်။ အဲဒီအခါ ကျရင် တအား ဝမ်းနည်းရတယ်။ အခု အချိန်မှာ ကျောင်းသားလေးတွေကို အပြင်မှာ တွေ့ရင် ငယ်ငယ်တုန်း က ဆရာမ စာသင်ရင် သူငယ်ချင်းတွေအချင်းချင်းနားမလည်တဲ့ စာတွေကို ပြန်ပြီးရှင်းပြ၊ ပြန်ပြောပြခဲ့တာတွေကို သတိရတယ်”
ရတနာမိုင်
“ငယ်ငယ်တုန်းက ကျောင်းဖွင့် ချိန်လေးကို သတိရမိတယ်။ အခုဆို ရင် မိုးရာသီ လည်းဖြစ်တယ်။ ကျောင်းလည်းပြန်ပြီး ဖွင့်တော့မယ် ဆိုတော့ မိုင်လေး ငယ်ငယ်တုန်း က မိုးကာအင်္ကျီလေး ဝတ်ပြီး သူငယ်ချင်း တွေနဲ့ ကျောင်းတက်ခဲ့ ရာတာကို သတိ ရမိတယ်။ လွမ်းတယ်။ ပြီးတော့ ကျောင်းပြန်ဖွင့်ချိန် မှာ သူငယ်ချင်း တွေ နဲ့ တွေ့ရ တာကို ပျော်တယ်။ အခန်းပြောင်းတာ ရှိသလို၊ မပြောင်း တာလည်း ရှိတယ်။ အခန်း မပြောင်းတဲ့ အခါ သူငယ်ချင်းတွေ နဲ့ ပြန်တွေ့ရရင် အရမ်းပျော်တယ်။ အခုထိ လည်း ကျောင်းသား ဘဝကို လွမ်းမိပါတယ်။ ကျောင်းဖွင့်တဲ့ ရာသီရောက်တိုင်း လွမ်းမိသတိရမိပါတယ်”
ပေါ်ပြူလာဂျာနယ်
Aye Chan Mon Credit To:Popular Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment