06 May 2014 06:02
Written by Admin Team
အသင်း၏ တိုက်စစ်တွင် အမှန်တကယ် ထက်မြက်သည့် လုပ်ကြံရေး သမား တစ်ဦး လိုအပ်နေပြီဟု ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဝန်ခံပြောကြားခဲ့သည်။
၎င်းက နွေရာသီ ဈေးကွက်အတွင်း ချယ်လ်ဆီးအတွက် အလွန်အားကိုးထိုက်သည့် ဂိုးမုဆိုးတစ်ဦးကို အားဖြည့်ဝယ်ယူနိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ ချယ်လ်ဆီး၏ လက်ရှိတိုက်စစ်မှူး (၃)ဦးဖြစ်သော ဖာနန်ဒိုတောရက်စ်၊ ဒမ်ဘာဘားနှင့် ဆမ်မြူရယ်လ် အီတူးတို့သည် စတမ်းဖို့ဒ်ဘရစ်ဂ်ျနှင့် လမ်းခွဲရမည့် အခြေအနေ ရှိနေပြီး အဲဗာတန်သို့ အငှားချထားသည့် ရိုမီလူ လူကာကူသည်လည်း မော်ရင်ဟို၏ အားကိုးအားထားပြုခြင်း ခံရဖွယ် မရှိချေ။ ယင်းအခြေအနေတွင် ချယ်လ်ဆီးအနေဖြင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးသစ် တစ်ဦးအား ငွေကြေးအလုံးအရင်း အသုံးပြုပြီး ဝယ်ယူဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
မော်ရင်ဟိုက “ဘောလုံးလောကမှာ ခံစစ်ကို ပိုအားပြုတဲ့ အသင်းတွေ၊ တိုက်စစ်ပိုင်း ပိုထက်မြက်တဲ့ အသင်းတွေကို ရင်ဆိုင်ရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီအခါမှာ အသင်းအနေနဲ့ ကစားပုံ ကောင်းဖို့ထက် ဂိုးမပေးရဘဲ Clean Sheetရဖို့ ပိုပြီးတော့ ဦးစားပေး အားထုတ်ရတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ အတန်တန် ပြောခဲ့ပြီးပါပြီ”ဟု ဆိုသည်။ ၎င်းက “ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ရှိနေတယ်။ ဒါပေမဲ့ အကောင်းဆုံး တိုက်စစ်မှူး အမျိုးအစားတော့ မပါဘူး။ နေရာကျဉ်းကျဉ်းလေးမှာ လှုပ်ရှားပြီး ဂိုးသွင်းနိုင်တဲ့ သူမျိုးပေါ့။ ဘောလုံးမှာ ပိတ်ကစားနေတဲ့ ပြိုင်ဘက်ကို အဖွင့်ဂိုး သွင်းလိုက်တာကို ဂိတ်တံခါး ဖွင့်လိုက်တယ်လို့ ခေါ်ကြတယ်။ အဲဒီလို ဂိတ်တံခါးကို ဆွဲဖွင့်ပေးမယ့် တိုက်စစ်မှူးမျိုး လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဒါမျိုး မလုပ်နိုင်ဘူးလေ”ဟု ဆိုသည်။
၎င်းက “အသင်းတစ်သင်း အနေနဲ့ နိုင်ပွဲ ရှာဖွေဖို့၊ ပိုတိုးတက် လာဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး တစ်ယောက်ချင်းဟာ ပင်ကိုအားဖြင့် ပြိုင်ဘက်ကို အသေသတ်နိုင်တဲ့ စွမ်းရည်ကောင်းမျိုး ရှိရပါမယ်။ အသင်းတစ်သင်းရဲ့ သွင်းဂိုးတွေဟာ ခြားနားတဲ့ အဆင့်တစ်ခုဆီ တွန်းပို့ပေးနိုင်တယ်။ ကလပ် အနေနဲ့ ဒီအပိုင်းကို သတိထား လုပ်ဆောင် ရပါမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းက တိုက်စစ်မှူးကောင်းတွေကိုလည်း လေးစားမှုတော့ ထားရမှာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးသည် လတ်တလောတွင် အက်သလက်တီကို မက်ဒရစ်မှ စပိန်လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို အဓိက ချိတ်ဆက်လျှက် ရှိသည်။ ချယ်လ်ဆီးသည် ဘရာဇီးလ်ဖွား ကော်စတာ အတွက် ပေါင်စတာလင် (၃၅)သန်းတန် ပြောင်းရွှေ့ကြေး သဘောတူညီချက် ရရှိထားပြီဟု သတင်းများက ဖော်ပြခဲ့သော်လည်း အက်သလက်တီကို ဥက္ကဋ္ဌ အန်ရီကေး ကာရီဇိုကမူ ယင်းအခြေအနေကို မတင်မကျသာ မှတ်ချက်ပေးခဲ့သည်။ “ခုချိန်က စာချုပ်ကိစ္စတွေကို ပြောဆိုနေဖို့ မဟုတ်သေးဘူးလေ။ ကျွန်တော်တို့အတွက် သိပ်အရေးကြီးတဲ့ (၃)ပွဲကစားဖို့ ကျန်သေးတယ်။ ကော်စတာ အသက်(၁၈)နှစ်လောက်တုန်းက ဒီအဆင့်မျိုး ရောက်လာမယ်လို့ ဘယ်သူမှ တွေးမိမှာ မဟုတ်ခဲ့ဘူး။ ခုတော့ ချယ်လ်ဆီးနဲ့ကိစ္စ လူတွေပြောလာပြီ။ ကျွန်တော်တို့ အနေနဲ့တော့ ဒီ(၃)ပွဲ မပြီးမချင်း ဘာမှ မကြားချင် မသိချင်သေးဘူး။ အသင်းရဲ့ တည်ငြိမ်မှု ပျက်စီးမယ့် အနေအထားကိုလည်း မလိုလားဘူး။ ကျွန်တော် ပြောနိုင်တာက တခြားကလပ်အသင်း တစ်ခုကနေ ကျွန်တော်တို့ အသင်းက ကစားသမား တစ်ယောက်ကို လာချိတ်ဆက်တဲ့ ကိစ္စမှာ ဘာမှ ပြောစရာ မရှိဘူး။ တရားဝင်လည်း ဘာမှမဖြစ်သေးဘူး။ တကယ်လို့ ကော်စတာ အတွက် သဘော တူညီမှု ရထားပြီလား ဆိုတာမျိုး မေးရင်တော့ ကျွန်တော်တို့ဘက်က ဘာမှ မကြားသေးဘူးလို့ပဲ ပြောချင်ပါတယ်”ဟု ကာရီဇိုက ရှင်းလင်းသွားသည်။
Ref:skysports
Aye Chan Mon# Credit To : http://soccermyanmar.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment