0

ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံအတွင်းရှိ သံဃာ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက်ကာ ပူးသတ်မည့် အန္တရာယ်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။

မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုင်ဂူတော်ကြီးအတွင်း ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲတွင် သာသနာရေးဆိုင်ရာများ လျှောက်ထားရာ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“သံဃာ့ အဖွဲ့အစည်းများအတွင်း အဓမ္မဝါဒီများ ဝင်ရောက် ပူးသတ်လာမယ့် အန္တရာယ်ကို ကာကွယ်ရန် လိုအပ်လာခြင်းဟာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီး ကျင်းပရတဲ့ အခြေခံ အကြောင်းအရင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း သံဃာတော် သုံးသိန်းကျော် ရှိရာမှ ယခုအခါ ငါးသိန်းကျော် ရှိလာသောကြောင့် သံဃာစည်းမျဉ်းတို့ကို ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းရန်နှင့် သံဃာ စည်းလုံး ညီညွတ်မှုကို ပြသရန် လိုအပ်သောကြောင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြတ်စွာဘုရားရှင် ဟောပြောခဲ့သော တရားတော်များကို ဆန့်ကျင်သော အကျင့်အကြံ၊ အပြုအမှုတို့ကို ကိုင်စွဲထားသော အဓမ္မဝါဒီ သံဃာတော်များ သာသနာတွင် ရှိနေပြီး သာသနာ တည်တံ့ရေးအတွက် ထိန်းသိမ်းရန် လိုအပ်ကြောင်း ကလေးမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ဆရာတော် ဦးဉာဏိန္ဒက မိန့်ကြားသည်။
“ဘုရားရှင် မရှိတော့တဲ့ အချိန်မှာ အဓမ္မဝါဒီတွေ ပေါ်ထွန်းလာတာတွေ ရှိခဲ့တယ်။ အဲဒီအတွက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွေမှာ သံဃာ့ စည်းမျဉ်းတွေနဲ့ ပြန်ထိန်းရတာပဲ” ဟု ၎င်းက မိန့်ဆိုသည်။

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကာ တစ်နိုင်ငံလုံးရှိ သံဃာ ကိုယ်စားလှယ်ပေါင်း၂၅၅၈ ပါး တက်ရောက်ပြီး သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းများ ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် သာသနာရေးရာနှင့် သက်ဆိုင်သော အဆို ကိုးမျိုးကို တင်သွင်း အတည်ပြုမည် ဖြစ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲ ကျင်းပရေး အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top