0

(ဆောင်းပါးရှင် - သစ်ထွဋ်)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူတွေရဲ့ကြားထဲ ပြောမဆုံးအောင်ဖြစ်ခဲ့ရတဲ့ အကြောင်းအရာ ပြောပြပါဆိုရင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူအသေအပျောက်များခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကိုသာ ညွှန်ပြရမှာပဲ ဖြစ်ပါတယ်။

ထိတ်လန့်ကြောက်ရွံ့ အော့နှလုံးနာစရာကြီး

မေ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ အမြန်လမ်း ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူတွေရဲ့စိတ်ဝင်စားမှုရေချိန်ဟာ အထူးမြင့်တက်ခဲ့တာ တွေ့ရပြီး အရပ်ထဲ၊ ဈေးထဲပါမကျန် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အပေါ် ဝေဖန်မှုတွေ အထူးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အများပြည်သူတွေ ဝေဖန်မယ်ဆိုလည်း ဝေဖန်ချင်စရာပါပဲ။ ပြီးခဲ့တဲ့ ဧပြီလက အမြန်လမ်းပေါ်မှာပဲ ယာဉ်တိုက်မှုမှတစ်ဆင့် ယာဉ်များမီးလောင်ကျွမ်းမှု ဖြစ်ရာက စံချိန်တင် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် အများပြည်သူတွေကြား အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ အရှိန်မသေသေးခင် မေလမှာထပ်ဖြစ်တဲ့ ယာဉ်တိမ်းမှောက်မှုက လူ ၁၄ ဦးရဲ့အသက်ကို နုတ်ယူသွားပြန်တယ်။ မေလအတွင်းဖြစ်ခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုက ဧပြီလကစံချိန်ကို ထပ်ချိုးသွားတာကြောင့် အများပြည်သူတွေအကြား ဝေဖန်မှုတွေဟာ အတောမသတ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီ ယာဉ်တိုက်မှုအကြောင်း ကြားရသူအပေါင်းဟာ စုတ်တသပ်သပ်နဲ့ စိတ်မကောင်းဖြစ်ကြရသလို အားလုံးရဲ့ စိတ်အတွေးထဲမှာတော့ အမြန်လမ်းဆိုတာ ထိတ်လန့်ကြောက်ရွံ့ အော့နှလုံးနာစရာ သတ္တ၀ါကြီးနှယ် ခံစားနေကြရမှာ ဖြစ်ပါတယ်။

သိရက်နှင့် အသုံးပြုခွင့်ပေး

ယာဉ်တိုက်မှုဖြစ်စဉ်ကို ပုဂ္ဂလိက မီဒီယာတွေက ပြည့်ပြည့်စုံစုံ ဖော်ပြလာပြီးနောက်မှာတော့ အများပြည်သူရဲ့ ဝေဖန်မှုတွေ ဆူညံလာရာ ဌာနဆိုင်ရာအချို့လည်း အရင်တုန်းကလို လမ်းကြောင့်မဟုတ်ပါဘူးလို့ ဘူးခံငြင်းမနေတော့ဘဲ လမ်းရဲ့လိုအပ်ချက်၊ အားနည်းချက်တွေရှိကြောင်း ၀န်ခံလိုက်ရပါတယ်။ ၀န်ခံရာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ အမြန်လမ်းတွေရှိရမယ့် အရည်သွေးစံချိန်၊ စံနှုန်းတွေ လိုအပ်နေတဲ့လမ်းဖြစ်ပြီး အမြန်လမ်းအင်္ဂါရပ်နဲ့ ညီညွတ်ခြင်း မရှိသေးပါကြောင်း အဲဒီလမ်းကို တာဝန်ခံ တည်ဆောက်ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးနဲ့အတူ ပါဝင်ခဲ့တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။ အသေအပျောက်များခဲ့တဲ့ မေ ၁၂ ရက်ဖြစ်စဉ်အပြီး သုံးရက်အကြာ မေ ၁၅ ရက်မှာ မီဒီယာများရှေ့မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး အမြန်လမ်းကို ဖွင့်လှစ်အသုံးပြုခွင့် ပေးခဲ့ချိန်မှာ အမြန်လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံခြင်းမရှိသေးကြောင်း ပြောဆိုခဲ့တာကြောင့် ပြီးပြည့်စုံတဲ့လမ်း မဖြစ်တာ သိရက်နဲ့ အသုံးပြုခွင့်ပေးခဲ့တာ ဖြစ်တယ်ဆိုတာ ပေါ်လွင်လာပါတယ်။

ဘယ်လောက်မှန်ကန်မှု ရှိသလဲ

လမ်းတစ်မိုင်ကို ကျပ် ၂ ဒသမ ၅ ဘီလျံနဲ့ လမ်းမကြီးတစ်ခုလုံးအတွက် ကုန်ကျခဲ့တဲ့ ကျပ်ဘီလျံ ၉၀၀ ကျော် (အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး) ကုန်ကျခဲ့ပေမယ့်လည်း အမြန်လမ်းအင်္ဂါရပ်တွေ ပြည့်စုံတဲ့လမ်းကို အများပြည်သူတွေ သုံးခွင့်မရခဲ့တာနဲ့ ပတ်သက်ပြီး လမ်းဖောက်ရာမှာ အလွဲသုံးစားမှုတွေ ရှိခဲ့သလားဆိုတာ သိချင်တဲ့သူတွေ ရှိနေပေမယ့် ယနေ့အထိတော့ တာဝန်ရှိသူတွေက တရားဝင်ထုတ်ဖော် မပြောသေးပါဘူး။ သူတို့ပြောတာကတော့ လက်ရှိလမ်းကို ရှစ်လမ်းသွားလမ်းမအဖြစ် တိုးချဲ့မယ်လို့ ပြောခဲ့ပေမယ့် တိုးချဲ့မယ့်အစီအစဉ်ကို အတိအကျ မပြောနိုင်သေးဘဲစီစဉ်ဆဲလို့သာ ပြောသွားခဲ့ပါတယ်။ တစ်ဖက်မှာ လမ်းအနေနဲ့ လိုအပ်ချက်တွေ ရှိနေဆဲလို့ ၀န်ခံပေမယ့် အမြန်လမ်းယာဉ်တိုက်မှု အချက်အလက်တွေ ပြောတဲ့အခါမှာတော့ ၂၀၁၃ ခုနှစ်အတွင်း လူကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ လမ်းကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်း ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုခဲ့ပြန်တာကြောင့် လမ်းကြောင့်ဖြစ်တယ်လို့ ဖော်ပြထားတဲ့ ယာဉ်တိုက်မှု ရာခိုင်နှုန်းတွေက ဘယ်လောက်မှန်ကန်မှု ရှိသလဲဆိုတာ တွေးစရာဖြစ်ရပါတယ်။

အားလုံးနှုတ်ပိတ်နေကြဆဲ

မေ ၁၂ ရက် ယာဉ်တိုက်မှုကြောင့် အများပြည်သူအကြား အုန်းအုန်းကျွက်ကျွက် ဝေဖန်သံတွေ ရှိလာခဲ့တော့ ဖြစ်ပြီးသိပ်မကြာပါဘူး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ရာဇာမင်းယာဉ်လိုင်းရဲ့ ရန်ကုန်နဲ့ နေပြည်တော် ပြေးဆွဲနေတဲ့ ခရီးစဉ်ပြေးဆွဲခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း သက်ဆိုင်ရာက ကြေညာခဲ့ပြန်တယ်။ နောက်မကြာဘူး ယာဉ်တိုက်မှုမှာပါတဲ့ ယာဉ်မောင်းရဲ့ ယာဉ်မောင်းလိုင်စင်ဟာ ယာဉ်မောင်းခွင့်ပိတ်ပင်ခံထားရတဲ့ လိုင်စင်ဖြစ်လို့ ရာသက်ပန် လိုင်စင်ပိတ်သိမ်းဖို့ ဆောင်ရွက်နေတယ်လို့ ကြေညာပြန်ပါတယ်။ မှန်ပါတယ်။ ယာဉ်တိုက်မှု ဖြစ်စဉ်တစ်ခုမှာ ယာဉ်မောင်းမှာလည်း တာဝန်အပြည့်အ၀ ရှိတာကြောင့် အရေးယူသင့်တာ ယူရမှာပါ။ ဒါပေမဲ့ မောင်းနှင်ခွင့်လိုင်စင်မရှိတဲ့သူ အမြန်လမ်း ခရီးသည်တင်ယာဉ်ပေါ် ရောက်နေတာက ယာဉ်လိုင်းအပြင် အခြားတာဝန်ရှိတဲ့သူတွေကော မရှိကြတော့ဘူးလား။ ယာဉ်သွားဖို့ မပြည့်စုံတဲ့လမ်းကို ဖောက်ထားခဲ့သူတွေ၊ လမ်းအင်္ဂါရပ် မပြည့်စုံသေးပါဘူးဆိုတာကို အတင်းအသုံးပြုခိုင်းခဲ့ သူတွေမှာကော တာဝန်မရှိကြဘူးလားဆိုတာ မေးစရာရှိလာပါတယ်။ ဒီနေ့ ဒီအချိန်အထိတော့ အားလုံးဟာ ရေငုံနှုတ်ပိတ် နေကြဆဲပါ။

ဒီနေရာမှာ ပြောချင်တာက ကိစ္စရပ်တစ်ခုဟာ အစကောင်းမှ အနှောင်းသေချာပါမယ် ဆိုတာပါ။ အစမကောင်းတဲ့ ရှိသင့်ရှိအပ်တဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှုမရှိဘဲ အသုံးပြုခိုင်းခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းဟာ နောက်ပိုင်းမှာ အများဝေဖန်သလို တစ်မိုင်တစ်ယောက်နှုန်း သေဆုံးစေခဲ့တဲ့ အခြေအထိ ရောက်စေခဲ့ပါတယ်။ ဒီလမ်းကို ပြန်ပြင်ဖို့ လိုတယ်ဆိုတယ်လို့ ပြောနေပေမယ့် ဘယ်နေရာတွေ ပြင်မှာလဲ။ မဖြစ်မနေ ပြင်ရမယ့်နေရာတွေ (ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားတဲ့နေရာ) စပြင်မှာလား။ အရင်အတိုင်း ပုံမှန်ပြင်တာတွေပဲ ဆက်လုပ်သွားမှာလားဆိုတာ မသိနိုင်သေးသလို ဒီနေ့အထိလည်း အင်အားနဲ့ ပြင်ဆင်နေကြပြီဆိုတာ မမြင်ရ၊ မကြားရသေးပါဘူး။ ပြင်ဖို့ဆင်ဖို့ကိစ္စတွေသာ မကြားရသေးပေမယ့် ပြီးခဲ့တဲ့ မေ ၁၅ ရက်ကတော့ ကုန်တင်ယာဉ်တွေ ဖြတ်သန်းမမောင်းဖို့ သတ်မှတ်ထားတဲ့ အမြန်လမ်းပေါ်မှာ ဆလွန်းကားတွေတင်လာတဲ့ ၁၆ ဘီးနဲ့ ၂၂ ဘီး အကြီးစားကုန်တင်ယာဉ် ခုနစ်စီး ၁၁၅ မိုင် တိုးဂိတ်အနီး တွေ့လိုက်ရကြောင်း သတင်းဓာတ်ပုံ တွေ့လိုက်ရပြီးနောက်မှာတော့ အမြန်လမ်းပေါ် ယာဉ်တိုက်မှုတွေလျော့ကျဖို့ ဆောင်ရွက်နေပါတယ်ဆိုတဲ့ တာဝန်ရှိသူများကို ဘယ်လိုစည်းမျဉ်းစည်းကမ်း နည်းလမ်းတွေနဲ့ ဆောင်ရွက်နေကြပါသလဲလို့ မေးလိုက်ချင်ပါတော့တယ်။

(ရန်ကုန်-မန္တလေး အမြန်လမ်းတစ်နေရာကို တွေ့ရစဉ်)

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top