0

ဆုံတွေ့ ဆက်ဆံခဲ့ဖူးသူတွေနဲ့ နေ့သစ်တွေမှာ
ပြန်တွေ့ရမှာ ဓမ္မတာပါ။
အဲဒီလို ဆုံတွေ့ရတဲ့အခါ ဘဝသစ်တစ်ဖန် မွေးဖွားလာတဲ့
သူတွေအဖြစ် ကြည့်တတ်အောင် လေ့ကျင့်မယ် ...။
သက်ဝင်နိုင်ကောင်းပါရဲ့ ...။

“သညာဟောင်းတွေနဲ့ ငါ မကြည့်တော့ဘူး”
ဒါ ပြောချင်တာပါ။
လူတိုင်း အမှား လုပ်တတ်တယ်။
မမှားတဲ့သူဆိုတာ မရှိဘူး။
မနေ့က အမှားလုပ်ခဲ့တဲ့သူ ၊ လွန်ခဲ့တဲ့လက အမှားလုပ်ခဲ့တဲ့သူ၊
တစ်ချိန်ကအမှားလုပ်ခဲ့တဲ့သူ ဒီလို လူတွေ
ပတ်ဝန်းကျင်တိုင်းမှာ ရှိပါတယ်။

လူဆိုတာ အသိဉာဏ်ရှိတဲ့သူ၊
ကောင်းချင်တဲ့သူ၊ တိုးတက်ချင်တဲ့သူပါ။
သတိလွတ်ကင်းလို့ တစ်ချိန်က မှားခဲ့ပေမယ့် မိမိကိုယ်ကို
ပြန်လည် ပြုပြင်ပြီး ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ လောကမှာ
များစွာ ရှိနိုင်ပါတယ်။
သို့သော်လည်း . . . လောကမှာ ပုဂ္ဂိုလ်တစ်ယောက်ကို
ကြည့်ရင် ဘာနဲ့ ကြည့်ကြတာပဲ များသလဲ။
သညာဟောင်းတွေနဲ့ ကြည့်ကြတာပဲ များတယ်နော်။
ဒါကြောင့်လည်းမြတ်စွာဘုရားက “သညာဟာ ဒုက္ခပဲ”
ဒီလို့ မိန့်တော်မူခဲ့တာ။

●သညာဟောင်းတွေနဲ့ ကြည့်နေရင် ကိုယ်ပဲ ဒုက္ခများတယ်နော်။
●တစ်ဖက် ပုဂ္ဂိုလ်က ပြင်လို့ တိုးတက်သွားပြီ။
●ကိုယ့်မှာက ပြင်လို့ မရ-သေးဘူး။
သညာဟောင်းတွေနဲ့ ကြည့်နေဆဲပဲ။
ဒီလိုသာ ကြည့်နေရရင် မိမိဘဝ မချမ်းသာတော့ဘူးနော်၊
ဆင်းရဲသွားတယ်။ ဒီလူ့ကို တွေ့လိုက်တိုင်းစိတ်ထဲမှာ
တစ်ခုခု ဖြစ်ရတယ်။

ဒီသညာက စိတ်ကို ညစ်ထေးအောင် လုပ်နေတယ်နော်။
ဒီ့အပြင် တစ်ဖက်သားရဲ့ တိုးတက်မှုကိုလည်း မကြည့်တတ်တော့ဘူး။
ပြောင်းလဲမှုတွေနဲ့ အစားထိုးပေးဖို့မတတ်နိုင်တော့ဘူး။
သူ့ကို မိတ်ဆွေတစ်ယောက်အဖြစ် လက်ခံ ဆက်ဆံဖို့
မစွမ်းနိုင်တော့ဘူးနော်။

ကိုယ်လည်း သိက္ခာရှိရှိ နေခွင့်မရသလို၊
သူလည်း သိက္ခာရှိရှိ နေခွင့်မရဘူး။
ဒီလိုလူတွေ လောကမှာ သိပ်များနေတယ်။

နေ့သစ်တွေမှာ တွေ့ဆုံရတဲ့သူတွေကို ဘဝသစ်တစ်ဖန်
မွေးဖွားလာတဲ့ သူတွေအဖြစ် ကြည့်တတ်အောင် လေ့ကျင့်မယ်။
သူ တိုးတက်လာပြီလား၊ သူ ပြောင်းလဲလာပြီလား။
သူ ပြုပြင်လာ-ပြီလား ဒီလို ကြိုဆိုတဲ့ အကြည့်နဲ့ ကြည့်ကြရင်
သိပ်ကောင်းမယ်နော်။

“ပြောင်းလဲမှုကို လက်ခံမယ်၊ တိုးတက်လာမှုကို ကြိုဆိုမယ်”
ဆိုတဲ့ စိတ်ထား မျိုးနဲ့ စိတ်ကို ဖွင့်ထားစေချင်ပါတယ်။
စိတ်ကို ပိတ်မထားပါနဲ့၊မွန်းကျပ်ပါတယ်။
သဘောထားကြီးကြီးနဲ့ စူးစူးစမ်းစမ်း ပြုရင် သိပ်ကောင်းတယ်။

■ဒီနေ့ သူကောင်းရင် သူ့ကို လူကောင်းလို့ သတ်မှတ်ကြကြိုဆိုကြစို့။
■မကောင်းသေးဘူးဆိုရင်လည်း ဘယ်တော့များ
ကောင်း-လာမလဲဆိုတဲ့ စိတ်နဲ့ပဲ စောင့်ကြည့်ကြတာပေါ့။

ကိုယ်စီကိုယ်စီ ဘဝမှာ ကြုံဖူးမယ်နော်၊
တစ်ချိန်က မှားခဲ့တဲ့အမှားကို သိလို့ ပြုပြင်နေထိုင်နေပြီ ဖြစ်တဲ့
မိမိ ..ရှေးသညာဟောင်း-တွေနဲ့ ကြည့်ခံရ ဆက်ဆံခံရရင်
ဘယ်လို ဖြစ်မလဲ။စိတ်မကောင်း-ဘူးနော်။

စိတ်ရဲ့လုံခြုံမှု ၊ စိတ်ရဲ့ခန့်ကျန်းမှုကို ဖျက်ဆီးခံလိုက်ရသလို
ခံစားရတယ်။ အားလုံးကို စိတ်ချမ်းသာစေချင်ပါတယ်။
ဒါကြောင့် “သညာဟောင်း” ဆိုတဲ့
“ထောင်နဲ့တူတဲ့ အနှောင်အဖွဲ့”ထဲမှာမနေတော့ဘူး ...။
ဒီလိုမျိုး စိတ်ကို ပြုပြင်ကြဖို့ လိုတယ်။

-【အရှင်ရေဝတ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Young Buddhist's Association

Post a Comment

 
Top