Q. အခုခေတ်မှာ မှိုင်းအမျိုးမျိုးနဲ့ တိုက်နေတဲ့အခါကျတော့ လူတစ်ယောက်ရဲ့တန်ဖိုးက ပျောက်ဆုံးနေသလိုမျိုး ဖြစ်နေတယ်။ လူ့တန်ဖိုးကို ထည့်မတွက်တော့ဘူး။ လူမျိုးရေး၊ ဘာသာရေးနဲ့ မှိုင်းတိုက်နေတဲ့သူကလည်း တခြားလူမျိုးဖြစ်တဲ့အတွက်၊ တခြား ဘာသာဝင်ဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံမှုအမျိုးမျိုးတွေ ပြောဆို ၀ါဒ ဖြန့်နေတော့ လူတစ်ယောက်ရဲ့တန်ဖိုးပျောက်နေတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကို နားလည်မှ၊ လူကို လူလို့မြင်ပြီး လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမနိုင်ကြမယ် မဟုတ်လား အစ်ကို။
A. ဟုတ်ပြီ။ အဲဒီတော့ နှစ်ပိုင်းပြောမယ်။ (၁)အချက်က အသိအမှတ်ပြုမှုရယ်၊ (၂)အချက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမကူညီမှုရယ်။
(၁)အချက် အသိအမှတ်ပြုမှုဆိုတဲ့နေရာမှာ ကိုယ်ဟာ ဘယ် ဘာသာဝင်ဖြစ်ပါစေ၊ ဘယ်လူမျိုးပင်ဖြစ်ပါစေ၊ ကိုယ်ရောက်နေတဲ့အရပ်မှာ အကျယ်ပြန့်ဆုံး ကိုယ်စားပြုမှုရှိရမယ်။ သေချာစဉ်းစားကြည့်လိုက်။ လူတစ်ယောက်က A ဆိုတဲ့ လူမျိုးဖြစ်နေတယ်။ ကိုးကွယ်တဲ့ ဘာသာက ကကြီးဆိုတဲ့ဘာသာကို ကိုးကွယ်တယ် ထားပါတော့။ သူက သူ့ရဲ့လူမျိုး၊ သူ့ရဲ့ဘာသာအတွက်ပဲ သူလုပ်တယ်ဆိုရင် မကျယ်ပြန့်သလို ဖြစ်သွားပြီ။ သူ့ဘာသာရေးသင်တန်းကျောင်းမှာ သူလုပ်နေတယ်။ သူ့လူမျိုး တစ်စုအတွက်ပဲ သူသင်ပေးနေတယ်။ မကောင်းဘူးလားလို့တော့ မမေးနဲ့။ ကောင်းတယ်။ ဒါပေမဲ့ မကျယ်ပြန့်ဘူး ဖြစ်သွားပြီ။ အဲဒီလို မဟုတ်ဘဲနဲ့ သူဟာ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဖြစ်ဖြစ် ကွဲပြားခြားနားတဲ့ ဘာသာဝင်တွေကို ကိုယ်စားပြုတဲ့အလုပ်ကို လုပ်ပြီ၊ ကွဲပြားတဲ့လူမျိုးတွေကို ကိုယ်စားပြုတဲ့အလုပ်ကို လုပ်ပြီဆိုရင် ... ဟောဒီပြည်ထောင်စုနဲ့ပဲ ပြောပါတော့။ ပြည်ထောင်စုတစ်ခုလုံးအတွက် သူလုပ်နေတယ်ဆိုရင် သူ့ကိုယ်စားပြုမှုက ကြိုက်ကြိုက်မကြိုက်ကြိုက်၊ ကျယ်ပြန့်သွားပြီ။ ကျယ်ပြန့်သွားပြီဖြစ်တဲ့အခါမှာ သူကောင်းရင်ကောင်း သလို အများစုက သူ့ကို လက်ခံယုံကြည်မှု၊ အားပေးမှုတွေရှိလာပြီ။
မြင်သာတဲ့ ဥပမာပဲပြောမယ်။ ဘောလုံးသမား တစ်ယောက်၊ ဟောဒီပြည်ထောင်စုကို ကိုယ်စားပြုတဲ့အသင်းမှာ ဘောလုံး ကန်ပြီဆိုရင် ကျန်တာတွေကိုမေ့သွားပြီ။ အစ်ကိုတို့နိုင်ငံ မှာ ဘောလုံး ရွှေခေတ်တစ်ခေတ် ရှိခဲ့တယ်။ ဘောလုံးသမား တစ်ယောက်ဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို လူတွေအားပေးတာက သည်းသည်းလှုပ်ပဲ။ ကျန်တဲ့ သူ့လူမျိုး၊ သူ့ဘာသာကို လုံးဝမေ့သွားပြီ။ သူက ဗဟာဒူး။ ဂေါ်ရခါးလူမျိုး။ လူတွေက အဲဒါတွေကို လုံးဝပဓာနမထားတော့ဘူး။ ဗဟာဒူးဟာ ငါတို့ရဲ့အသည်းနှလုံး။ ငါတို့ရဲ့ သူရဲကောင်းပဲ။ အဲဒီလို ရှိတယ်။ ဆိုလိုတာက သူလုပ်တဲ့အလုပ်က ဘယ်လောက်ကျယ်ပြန့်သလဲ၊ ဘယ်လောက်အထိ ကိုယ်စားပြုနိုင်သလဲ ဆိုတာပေါ် မူတည်တယ်။ အဲဒါကြောင့် အာဇာနည်ပုဂ်္ဂိုလ်တွေထဲမှာလည်း လူမျိုးမတူ၊ ဘာသာမတူတွေပါတတ်ကြတယ်။
ဆိုလိုတာက ဘယ်နိုင်ငံဖြစ်ဖြစ်နော်။ အမေရိကန်မှာ လူဖြူ၊ လူမည်းတွေဟာ ပထမဆုံးကတော့ နှစ်ဖက်ကြည့်ကြတာပေါ့။ အဖြူဘက်နဲ့ အမည်းဘက်။ နောက်ဆုံးတော့ မာတင်လူသာကင်းရဲ့စကားတွေ က သေချာစဉ်းစားကြည့်ရင် အမည်းဘက်ကချည်း လိုက်ခဲ့တာ မဟုတ်ဘူး။ တန်းတူညီမျှမှုကိုပဲ သူကပြောတာ။ အမည်းဘက်ကပဲ နာတယ်၊ အမည်းတွေ သာရမယ်လို့ ဒီလိုမှ မဟုတ်တာ။ သူ့ရဲ့ ငါ့မှာ အိပ်မက်တစ်ခုရှိတယ်ဆိုတဲ့ မိန့်ခွန်းကြီးဟာ တစ်ချိန်ကျတော့ ဘယ်လောက်ကြက်သီးထ ဖို့ ကောင်းသလဲ။ တန်းတူညီမျှမှုကိုပဲပြောတာဆိုတော့ လူဖြူတွေက တစိမ့်စိမ့်စဉ်းစားရင်းနဲ့ သြော် ငါတို့ အမေရိကန်ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် သူပြောပါလားဆိုတာ သိသွားတော့ သူ့ရဲ့ကိုယ်စားပြုမှု က ကျယ်ပြန့်သွားတာ။ ဒီကနေ့ အမေရိကမှာရှိတဲ့ ဘယ်သူမဆို ဘယ်အသားအရောင်ပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်းနေထိုင်သူပဲဖြစ်ဖြစ်၊ လူဟောင်းတွေပဲဖြစ်ဖြစ် မာတင်လူသာကင်းအပေါ်အမြင်ကတော့ အင်မတန် ရှင်းသွားပြီ။ ဒါဟာ အကျယ်ပြန့်ဆုံးကိုယ်စားပြုမှုနဲ့ ကြိုးစားသွားတာ။ အဲဒီတော့ ပြန်ချုပ်လိုက်မယ်ဆိုရင် ခွဲခြားဆက်ဆံမခံရဖို့၊ အဲဒီ လူပုဂ်္ဂိုလ်တစ်ယောက်ဟာ သူ့ရဲ့ဥပဓိရုပ်ကို အစော်ကားမခံရဖို့ဆိုရင် ကိုယ်စားပြုမှု အကျယ်ပြန့်ဆုံးကို အစွမ်းရှိသမျှ သူလုပ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ သူက သူ့လူမျိုးလေးတစ်ခုအတွက်ပဲ၊ သူ့ဒေသလေး တစ်ခုအတွက်ပဲ၊ သူ့ဘာသာအတွက်ပဲ သူလုပ်မယ်ဆိုရင်တော့ အဲဒီလူမျိုး၊ ဘာသာ၊ ဒေသကပဲ သူ့ကို အသိအမှတ်ပြုမှာပေါ့။ ကျန်တဲ့လူတွေကျတော့ သူ့ကိုကြည့်တဲ့အမြင်က တစ်မျိုးဖြစ်လာမှာပဲ။ အဲဒါက ကိုယ်စားပြုမှုအပိုင်း။
နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီဖေးမဆက်ဆံကြဖို့ဆိုတာမှာ ကျွန်တော်တို့ရဲ့အမြင်တွေက ငါနဲ့ ဘာတူသလဲ၊ ငါနဲ့မတူတာ ဘာရှိသလဲဆိုတာကို အများကြီး ကြည့်နေရင် ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းကအစ ပြဿနာရှိသွားလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ကြည့်ရမှာက လူသားချင်း စာနာတယ်ဆိုတဲ့ အပိုင်းမှာ ဘာကိုကြည့်သင့်သလဲဆိုတော့ အပြစ်မရှိတဲ့သူ၊ အပြစ်ကင်းတဲ့သူကို ကာကွယ်စောင့်ရှောက်ရမယ်။ အပြစ်ရှိတဲ့သူကိုတော့ တရားအတိုင်း စီရင်ရမယ်။ ဒါပဲလိုတယ်။ ငါ့လူမျိုးမို့လို့၊ ငါ့ဘာသာမို့လို့ အပြစ် ကျူးလွန်ရင်လည်း တရားနဲ့မစီရင်နဲ့လို့ကတော့ မရဘူးနော်။ အဲဒါကတော့ လိုတယ်ဗျ။ အဲဒီတော့ အပြစ်မရှိတဲ့သူကိုတော့ ဘယ် ဘာသာဝင်မို့လို့ မရဘူးဆိုရင် ကျွန်တော်လည်း သဘောမတူဘူး။ ကျွန်တော်တို့ကြည့်တာက အပြစ်ကင်းစင်ခြင်းနဲ့ အပြစ်ကျူးလွန်ခြင်းကိုပဲ ကြည့်ရမယ်။ အပြစ်ကင်းစင် တဲ့လူဆိုရင် လူသားချင်းစာနာမှုနဲ့ ကူညီကာကွယ်စောင့်ရှောက်ကြရမယ်။
“ နိုင်ငံရေးဆိုတာက လူမှုရေးအကြီးစား၊ လူမှုရေးဆိုတာက နိုင်ငံရေး အသေးစားဆိုတဲ့ ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
May 2014
“လူငယ်နှင့် လူထုအကျိုး”
Aye Chan Mon# Credit To : Eternal Light Magazine
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment