အောင်ကိုဦး
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒဖေါ်ထုတ်ပွဲကို မေလ ၁၄ ရက် နံနက် ၉ နာရီက စိမ်းရောင်စို(တံတားဦး)က ဦးဆောင်၍ အင်အား ၂၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒဖေါ်ထုတ်ပွဲတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း(ကျောက်ဆည်)၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့၊ ငါန်းဇွန်၊ စဥ့်ကိုင်၊ မြစ်သားနှင့် ပလိပ်မြို့နယ်တို့က အင်န်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ဒေသခံများ ပါဝင်သည်။
"ပြင်ဆင်ဖို့တောင်းဆိုနေတာတွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေကြတယ်။ ပြည်သူကို နောက်ကွယ် ကနေ အုပ်ချုပ်နေတဲ့ဥပဒေကို အလိုမရှိလို့ ပြနေတာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကို လျှောက်မယ်ဆို ပြည်သူကို ဖိနှိပ်ထားတဲ့ ဥပဒေကို ပြင်ဆင်ပေးမှဖြစ်မယ်။ ပြင်သင့်ပြင်ထိုက်တာပြင်ပေးမယ်လို့တော့ ရွှေပြည်အေးတရား ဟောလို့မရဘူး။ ဒါကိုအစိုးရအနေနဲ့ နားလည်ရမယ်။ ပြည်သူတောင်းဆိုနေတဲ့ပုဒ်မတွေ ပြင်ပေးဖို့က အဓိကပဲ"ဟု ဦးဆောင်ဆန္ဒပြသူ စိမ်းရောင်စို (တံတားဦး) တာဝန်ခံ ဦးသန့်စင်က မဇ္ဈိမကို ပြောသည်။
တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖေါ်ထုတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်၍ ဆန္ဒဖေါ်ထုတ်ခြင်းများ လုပ်ဆောင်မည့်အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံလက်မှတ်များကိုလည်း စတင်ကောက်ယူနေပြီဟု ဦးသန့်စင်က ဆိုသည်။
"ကျွန်တော်တို့ ဒါဟာ ပထမခြေလှမ်းပါ။ ဆက်ပြီးလှုပ်ရှားမှုတွေ လုပ်သွားမယ်။ ဒီနေ့လုပ်ပြတဲ့ပွဲက ပြည်သူကို
အကြောက်တရားထဲက ဆွဲထုတ်လိုက်တာပဲ။ ပြည်သူတွေအနေနဲ့ လုပ်လို့ရတယ်ဆိုတာ သိသွားပြီ။ ပြည်သူက တင်မြောက်ထားတဲ့အစိုးရဆီကို ပြည်သူက ဖိနှိပ်ခံထားရတဲ့ဥပဒေကို ပြင်ဆင်ဖို့တောင်းဆိုတာ နိုင်ငံတော်ကို
ပုန်ကန်တာမဟုတ်ဘူး။ ဒါကြောင့်အစိုးရကလည်း ပြည်သူ့အသံကို နားထောင်ပါ။ ပြည်သူကလည်း မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ တောင်းဆိုပါ။ ဒါဟာဒီမိုကရေစီပဲ။ ကိုယ့်ရပိုင်ခွင့်တွေ၊ ကိုယ့်နစ်နာမှုတွေကို ကိုယ်တိုင်တောင်းဆိုမှ ရမယ်။ ဒါကိုဒေသခံတွေ အနေနဲ့ သိဖို့လိုပါတယ်"ဟု ၎င်းက ပြောသည်။
ဆန္ဒဖေါ်ထုတ်သူများသည် ရေလည်အရပ်မှ လမ်းမတော်လမ်းအတိုင်း စတင်ထွက်ခွါခဲ့ပြီး တံတားဦးမြို့တစ်ပတ် ပတ်ကာ ဆန္ဒဖေါ်ထုတ်ကြသည်။
အဆိုပါဆန္ဒဖေါ်ထုတ်သူများသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ၅၉ (ဃ)(စ) ပြင်ဆင်ရေး၊ တို့အရေး ဟူသောေ ကြွးကြော်သံများအပြင် လေးပွင့်ဆိုင်တွေ့ဆုံရေး၊ ဒီမိုကရေစီလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသောဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ အလိုရှိကြောင်း၊ ဟိုတယ်ဇုန် သိမ်းဆည်းမြေများ ပြန်လည်ရရှိလိုကြောင်းနှင့် တရားဥပဒေစိုးမိုးရေး ရှိစေရန်တို့ကိုလည်း တောင်းဆိုဆန္ဒပြကြ သည်။
Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment