ကိုတိုးကြီး
မုံရွာ၊ မဇ္ဈိမ။ ။ မေလ ၁၀ ရက် ညနေပိုင်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာတွင် သစ်ပင်ကြီးများပြိုလဲကာ
စာသင်ကျောင်းဆောင်များနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် မေလ ၁၁ ရက် နံနက်ပိုင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဟု
မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက မဇ္ဈိမကိုပြောသည်။
ယင်းနေ့ညနေ ၄နာရီ ၂၀ မိနစ်ဝန်းကျင်တွင် စတင်တိုက်ခတ်ခဲ့သည့် လေပြင်းသည် ၅ နာရီ ၅၀မိနစ်ခန့်တွင် ငြိမ်သက်သွားပြီး မိုးများရွာသွန်းလာခဲ့သည်ဟု
ဒေသခံများကပြောသည်။
“သစ်ပင်ကြီးတွေလဲကုန်တယ်။ လူနေအိမ်တွေပျက်တယ်။ ကျောက္ကာမြောက်ရွာ အုပ်ချုပ်ရေးမှူးနေအိမ်ဆိုရင် ပင်စည် ပေ ၃၀ ပတ်လည်လောက်ရှိတဲ့ မန်းကျည်းပင်ကြီး
ပိသွားတယ်" ဦးညွှန့်စိုးကပြောသည်။
မိုးသက်လေပြင်းကြောင်း ပျက်စီးဆုံးရှုံးမှုစာရင်းကို သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ ဒေသခံများ၏ မှတ်တမ်းစာရင်းများအရ နေအိမ် ရှစ်လုံး၊ နွားစာသိုက်
အပါအ၀င် မီးဖိုးဆောင် ၇ လုံး နှင့် စာသင်ကျောင်းရှိ အဆောင်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
“တခြား ဘယ်ရွာမှ ပျက်စီးမှုမရှိဘူးလို့ သိရတယ်။ ကျောက်က္ကာမှာလည်း မြောက်ရွာပဲ ထိတယ်” ဟု ကျောက္ကာမြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
ကျောက္ကာကျေးရွာ အထက်တန်းကျောင်းခွဲဝင်း အတွင်းရှိ ပဉ္စမတန်းကျောင်းဆောင် တစ်ဆောင် မြိုလဲကာ သတ္တမတန်းနှင့် အဌမတန်းကျောင်းဆောင် အမိုးသွပ်ပြားများ နှင့်
ထုတ်တန်းများပျက်စီးပြီး ယွန်းဇေယျာ ကျောင်းဆောင်သစ် နှင့် ကျောင်းအစောင့်လုပ်သား နေအိမ်အမိုးများ ပျက်စီးခဲ့သည်။ သစ်ပင်ကြီးများပြိုလဲကျ၍ ကျောင်းဝင်းအုတ်တံတိုင်းများ
ပျက်စီးခဲ့သည်ကိုလည်း တွေ့ရသည်။
လက်ရှိတွင် လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများနှင့် ပြိုလဲ သစ်ပင်များ ရှင်းလင်းခြင်း အပါအ၀င် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း
မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံများ ၀ိုင်းဝန်းဆောင်ရွက်လျှက်ရှိသည်။
ပုံစာ- စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာတွင် လေပြင်းတိုက်မှုကြောင့် အိမ်ပေါ်သို့ သစ်ပင်လဲနေသည်ကို မေလ ၁၁ရက် နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုတိုးကြီး)
Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment