Published on: May 4, 2014
Written by: အောင်သူငြိမ်း
တရုတ်မြန်မာ သဘာဝဓာတ်ငွေ့အရန်ပိုက်လိုင်းဖြတ်သန်းမှုကြောင့် စိုက်ပျိုးမြေ နှင့် သီးနှံများ ပျက်စီးခံခဲ့ရသော်လည်း လျော်ကြေးမရသေးသောကြောင့် ဆန္ဒပြခွင့်အား ဥပဒေနှင့်အညီ တင်ပြခဲ့ရာ ခွင့်ပြုမှုကျပြီးမှ ပြန်လည်ရုတ်သိမ်းခံခဲ့ရသော်လည်း မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်ရှိ ကျေးရွာအုပ်စု ၁၀ စုမှ အရှိုချင်းလူမျိုး တောင်သူ ၁၀၀ ကျော်ခန့် မေ ၃ရက် နံနက် က မင်းဘူး-အမ်း ကားလမ်းပေါ်ရှိ ဂုတ်ကြီးကျေးရွာတွင် ဆန္ဒပြခဲ့ကြသည်။
ယင်းကျေးရွာသမိုင်းတွင် ပထမဆုံးဆန္ဒပြပွဲဖြစ်ခဲ့သည့် အဆိုပါပွဲတွင် “သီးနှံနှင့်ယာမြေပျက်စီးမှုများအတွက် အမြန်ဆုံးလျော်ကြေးပေးရေး တို့အရေး”၊”သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရေး တို့အရေး”၊ “သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသူ တို့ရန်သူ” စသည်တို့အား ကြွေးကြာ်ခဲ့ကြပြီး သီးနှံပျက်စီးခံခဲ့ရသော်လည်း လျော်ကြေးမရသေးသည့် တောင်သူများမှ သီးသန့်အစီအစဉ်ဖြင့် နစ်နာမှုများအား ထုတ်ဖော်ပြောကြားခဲ့ကြသည်။
နတ်ရေကန်တောင်ကြောပေါ်ရှိ ကျေးရွာအုပ်စု ၁၀ စုမှ အရှိုချင်းလူမျိုး ၄၆၃ ဦး၏ စိုက်ပျိုးမြေဧက တစ်ထောင်ကျော်နှင့် ကော် ဖီ၊ ကဗ္ဗလာ၊ သံပုရာ၊ လိမ္မော် စသည့်သီးနှံများ ပျက်စီးခဲ့မှုအတွက် သက်ဆိုင်ရာဌာနများမှ လျော်ကြေးမပေးသေးသောကြောင့် ယင်းကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ဆိုသည်။
“မြေစာရင်းရယ် ငဖဲအုပ်ချုပ်ရေးမှူးရယ် MOGE ကရယ် တာဝန်ရှိသူတွေက လျော်ကြေးငွေပေးပါမယ်ဆို လက်မှတ်အထိုးခိုင်းတာ သုံးကြိမ်ရှိပါပြီ။ ထမဆုံးအကြိမ်တုန်းက နှစ်ဆယ်ရာခိုင်နှုန်းလောက် လျော့တောင်းရင် လျော်ကြေးငွေ အမြန်ရမယ်ဆိုလို့ တောင်သူတွေက ကျေနပ်တော့လည်း နောက်တစ်ခါ တစ်ဆယ်ရာခိုင်နှုန်း ထပ်လျော့တောင်းခိုင်းတယ်။ အဲဒါကို တောင်သူတွေက ကျေနပ်ပါတယ်ဆိုတော့လည်း အခုထိ လျော်ကြေးမပေးသေးတာပါ။ သူတို့ပေးမယ်ပြောတဲ့ အချိန်ကနေ ဒီနေ့ထိ တစ်နှစ်နဲ့ လေးလကြာခဲ့ပေမယ့် ခုထိတစ်ပြားမှ မရကြသေးလို့ ဆန္ဒပြကြတာပါ”ဟု ဂုတ်ကြီးကျေးရွာမှ တောင်သူဒေါ်လှရီက ပြောသည်။
အဆိုပါ ပိုက်လိုင်းဖြတ်သန်းမည့် ပင်မဧရိယာအတွက် သက်ဆိုင်ရာဌာနမှ မြေလျော်ကြေးများ ပေးလျော်ခဲ့သော်လည်း ယခုတောင်သူများ ဆန္ဒပြတောင်းဆိုနေသည့် လျော်ကြေးမှာ သတ်မှတ်ဧရိယာထက် ကျော်လွန်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေနှင့် သီးနှံများအတွက်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ ပျက်စီးသီးနှံများအတွက် သုံးနှစ်စာသာ တွက်ချက်လျော်ကြေး သတ်မှတ်ထားသော်လည်း ကော်ဖီ၊ ကဗ္ဗလာ၊ သံပုရာ၊ လိမ္မော် စသည့် အပင်များမှာ အသီးသီးနိုင်သည့် အရွယ်ရောက်ရန် အနည်းဆုံး ရှစ်နှစ်ပြုစုပျိုးထောင်ရကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
အဆိုပါ ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်အား ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူးမှ မေ ၂ ရက် နံနက် ၈နာရီက ထုတ်ပေးခဲ့ပြီး ယင်းနေ့ ည ၉ နာရီ တွင် ၎င်းကိုယ်တိုင် ဂုတ်ကြီးကျေးရွာအထိ လာရောက်၍ ဆန္ဒပြပွဲ ခွင့်ပြုမိန့်အား ရုတ်သိမ်းသည့်စာကို ဆန္ဒပြခွင့် ဦးဆောင်တင်ပြခဲ့သူများ ထံပေးခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။ အဆိုပါလျော်ကြေးငွေကိစ္စများနှင့် ပတ်သက်၍ ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် SEAGP ကုမ္ပဏီ မှ သတင်းစာရှင်းလင်းပွဲတွင် ပျက်စီးခဲ့သည့် သီးနှံများအတွက် တွက်ချက်မှုများပြုလုပ်နေပြီး နစ်နာခဲ့သည့် တောင်သူများအား လျော်ကြေးငွေများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
ငဖဲဖြို့နယ် နတ်ရေကန်တောင်ကြောပေါ်ရှိ ကျေးရွာအုပ်စု ၁၀ စုမှ တောင်သူများ မေ ၃ ရက်က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ) အောင်သူငြိမ်း
Aye Chan Mon# Credit To :Eleven Media Group
https://www.facebook.com/excellencemedia
Post a Comment