0

ကလေး၊ မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့တွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ၂၆ နှစ်တာ ကာလအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သော ဆန္ဒထုတ်ဖော်မှုကို မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းမြို့ ဒေသခံများထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ- ၅၉ (စ)၊ ၅၉ (ဃ) နှင့် ပုဒ်မ-၄၃၆ တို့ကို ပြင်ဆင်ပေးရန်အတွက် တရားဝင် ဆန္ဒပြခွင့်တောင်းခံကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပြီး ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ် NLD တို့က ဦးဆောင်ကာ လူဦးရေ ၁၀၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ကလေးဝမြို့ NLD ပါတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်သည့် အချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး မရှိသည့်အတွက် ခွင့်ပြုမိန့် တရားဝင် မရခဲ့သော်လည်း နှုတ်ဖြင့် ခွင့်ပြုပြီးဖြစ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ အခြေခံဥပဒေ ပြင်ရန်အပြင် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကိုပါ ထည့်သွင်း တောင်းဆိုခဲ့ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောဆိုသည်။

“တကယ်လိုအပ်တယ် ထင်လို့ ဆန္ဒပြတာပါ။ အခြေခံဥပဒေ ပြင်ဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဖို့က အရေးကြီးတယ်လို့ ထင်တယ်။ ဆန္ဒဖော်ထုတ်လိုတဲ့ ဒေသခံပြည်သူတွေရဲ့ လိုလားချက်အရ လေးပွင့်ဆိုင် တွေ့ဆုံဖို့ ဆန္ဒဖော်ထုတ်ခွင့် တင်တုန်းက မပါပေမယ့် ထည့်ခဲ့တာ။ အဲဒီအတွက် တကယ်လို့ တရားစွဲမယ်ဆိုလည်း ရင်ဆိုင်သွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို အမှန်တကယ် လိုလားပြီး မပြင်ဆင်မချင်း တစ်လတစ်ကြိမ် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော ကလေးဝမြို့နယ် မထုကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ကလေးခရိုင်အတွင်း၌ ပြီးခဲ့ သည့် မတ်လ ၂၈ ရက်နှင့် ဧပြီလ ၁၁ ရက်နေ့တို့တွင် ကလေးမြို့နှင့် မင်းကင်း မြို့တို့တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ကြသည်။

Aye Chan Mon# Credit To :The Voice Weekly
https://www.facebook.com/excellencemedia
1

Post a Comment

 
Top