0


ရန်ကုန်၊ မေ ၇

မြန်မာ့ဆန်ကို တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိသည့် မူဆယ် ဆန်ကုန်စည်ဒိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ဘေးသင့် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ ကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ ကုန်စည်ဒိုင်၏ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ကချင်စစ်ဘေး ဒုက္ခသည်စခန်း ငါးခုဖြစ်သည့် ပန်လုံ၊ နေဝင်းနီ၊ ကျေးဇူးကမ္ဘာ၊ ဂျော်နှင့် စိန့်သောမတ် ဒုက္ခသည် စခန်းများအတွက် ငါးခြောက်များ အပါအဝင် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ ရေမောင်းတင်ရန် လိုအပ်သည့် ဒီဇယ်ဆီများနှင့် ကလေးများအတွက် မုန့်များ၊ ကျောင်းသုံးစာအုပ်များကို လှူဒါန်းသွားမည်ဟု အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။
“လောလောဆယ်မှာတော့ ကုန်စည်ဒိုင်က စုထားတာ ကျပ် ၃၅ သိန်းကျော်နေပါပြီ။ ထပ်လှူချင်တဲ့ လူတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကလေးများကို သီးသန့် ထောက်ပံ့ရန်အတွက် မူဆယ် ဆန်ကုန်သည်များ သီးသန့်လှူထားသည့် ငွေမှာ ကျပ် ၁၀ သိန်းခန့် ရှိကြောင်း အဆိုပါ ကုန်စည်ဒိုင်ထံမှ သိရသည်။

စစ်ဘေးသင့် ဒုက္ခသည်များအတွက် လှူဒါန်းမှု ပြုလုပ်ရန် မေလ ၄ ရက်နေ့တွင် နမ့်ခမ်းမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့ပြီး လာမည့် မေလ ဒုတိယပတ်တွင် သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

“အဲဒီ့မှာ ကလေးတွေက မုန့်မစားရဘူး ပြောတယ်။ ထမင်းပဲ စားရတယ်။ မုန့်တွေ ကျွန်တော်တို့ ဝယ်သွားမယ်။ အခြေခံ စားသောက်ကုန် ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ကုလားပဲတွေက ရှိတယ်လို့ ပြောကြတယ်။ သူတို့ လိုတာက အသားပေါ့။ ဒါကြောင့် ငါးခြောက်တွေ လှူဖို့ လုပ်နေတယ်” ဟု မူဆယ် ကုန်စည်ဒိုင် ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်းက ရှင်းပြသည်။

သွားရောက် လှူဒါန်းမည့် ဒုက္ခသည်စခန်း ငါးခုအနက် ပန်လုံ စစ်ဘေးဒုက္ခသည် စခန်းမှာ ပြီးခဲ့သည့် သင်္ကြန်ကာလ နောက်ပိုင်း တပ်မတော်နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး စစ်ဘေးသင့် ဒုက္ခသည် အယောက် ၅၅၀ ကျော်ရှိပြီး ကလေး အယောက် ၂၀၀ ဝန်းကျင်ခန့် ရှိကြောင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာမှုတွင် ပါဝင်သည့် မူဆယ် ဆန်ကုန်သည်တစ်ဦးက ရှင်းပြသည်။

အဆိုပါ ဒုက္ခသည်စခန်း ငါးခုတွင် စစ်ဘေးသင့် ဒုက္ခသည် ၁၇၀၀ နီးပါး ရှိပြီး မိုးတွင်းကာလ ရောက်ရှိရန် နီးကပ်လာခြင်းကြောင့် ဆေးဝါးများလည်း လိုအပ်လျက် ရှိကြောင်း ဦးမင်းသိန်းက ပြောကြားသည်။

ဒုက္ခသည် စခန်းများသို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရွက်ဖျင်တဲများ ဝေငှထားသော်လည်း မိုးတွင်းကာလတွင် ရွက်ဖျင်တဲများနှင့် အိမ်သာများ လုံလောက်မှု ရှိမည် မဟုတ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

စစ်ဘေးသင့် ဒုက္ခသည်များအတွက် မူဆယ် ဆန်ကုန်စည်ဒိုင်နှင့် ပူးပေါင်း လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၄၄၀၂၂၅၃၈၄ သို့ ဆက်သွယ်နိုင်ကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top