Published on: April 26, 2014
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် အမရပူရမြို့နယ် တောင်သမန်အင်းရှိ ဦးပိန်တံတားကို ထိန်းသိမ်းပြင်ဆင်မှုများ ပြုလုပ်ရာတွင် ကြမ်းခင်းအချို့သာ ပြုပြင်ဆောင်ရွက်မှုရှိပြီး ဆွေးမြည့်နေသည့် တိုင်များကို အလုံးလိုက်အစားထိုး ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
သင်္ကြန်တွင်းကာလတွင် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များပြားလေ့ရှိသောကြောင့် သင်္ကြန်မတိုင်မီကာလက ဦးပိန်တံတားကြမ်းခင်းများအား မန္တလေးတိုင်းဒေသကြီးမှ ကျပ်သိန်း ၁၃၀ အကုန်ခံ၍ အစားထိုးပြုပြင်ခြင်းများ ဆောင်ရွက်မှုရှိခဲ့သော်လည်း ကျန်ရှိနေသော ဆွေးမြည့်နေသည့်တိုင်များကို အစားထိုးပြုပြင်နိုင်မှု မရှိသေးကြောင်း သိရသည်။
“အစားထိုးရမယ့်သစ်တွေက သစ်မာနဲ့ ကျွန်းဖြစ်နေတယ်။ သစ်ဆိုင်တွေမှာ သစ်မာနဲ့ကျွန်း ရှိလားမေးတော့ ရှိတယ်လို့ ဘယ်သစ်ဆိုင်မှ မပြောရဲဘူး။ သစ်ရှာဝယ်ရတာ မလွယ်တော့ ပြင်ဖို့ခက်နေတယ်။ နိုင်ငံတော်ကလည်း အသိအမှတ်ပြုပြီး ပံ့ပိုးကူညီတဲ့အနေနဲ့ သစ်တွေ ဘာတွေ ချပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”ဟု ဦးပိန်တံတားအနောက်ဘက်ရှိ တောင်မင်းကြီးမြတ်စွာဘုရားဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးမြသွင်က ပြောကြားသည်။
“အစိုးရအနေနဲ့ ပြင်ဆင်ထိန်းသိမ်းဖို့ ငွေသိန်းပေါင်းမြောက်မြားစွာ ချပေးပေမယ့်လည်း အပြင်ဈေးနဲ့ ၀ယ်လုပ်ရမယ်ဆိုရင် မလွယ်ဘူး။ ဈေးအရမ်းမြောက်တယ်။ သစ်တစ်လုံးရဲ့တန်ဖိုးနဲ့ အစားထိုးရမယ့် အလုံးရေတွက်ကြည့်မယ်ဆိုရင် ကုန်ကျစရိတ် မနည်းဘူး။ အဲဒီလိုဖြစ်နေတဲ့ ဒီရှေးဟောင်းတံတားကြီး ရေရှည်တည်တံ့နေဖို့အတွက်တာ တစ်ဖွဲ့ချင်း၊ တစ်ဦးနဲ့ မလုံလောက်ပါဘူး။ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်းကူညီ ထိန်းသိမ်းမှရမှာပါ”ဟု ဦးမြသွင်က ပြောကြားသည်။
ရှေးယခင်ကတည်းမှ ဦးပိန်တံတားကို အကြီးစားစောင့်ရှောက်မှုအနေဖြင့် မဟာဂန္ဓာရုံကျောင်းမှ ပြုလုပ်ခဲ့ပြီး အသေးစားပြင်ဆင်စောင့်ရှောက်မှုအနေဖြင့် ဒေသခံဈေးသူ၊ ဈေးသားများနှင့် ဆရာတော်များက ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိပြီး အမရပူရမြို့၊ တောင်မင်းကြီးမြတ်စွာဘုရားဂေါပကအဖွဲ့နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့တို့သည် ဦးပိန်တံတား ရေရှည်ကြံ့ခိုင်တည်တံ့စေနိုင်ရန် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မည့် အကျိုးဆောင်အဖွဲ့တရားဝင်ဖွဲ့စည်းနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနသို့ တင်ပြထားရှိကြောင်း သိရသည်။
ဦးပိန်တံတားသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၆၅ နှစ်ရှိပြီး အရှည်အားဖြင့် ၃၉၇၆ ပေရှိပြီး နားနေဇရပ် လေးဆောင်၊ ဖောင်ကြောင်း ကိုးခု၊ တိုင်ပေါင်း ၉၈၄ တိုင် စတင်ဆောင်လုပ်ခဲ့ရာ ယခုအခါ တိုင်ပေါင်း ၁၀၈၆ နှင့် အခန်းပေါင်း ၄၈၂ ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း၊ သက်တမ်းအားဖြင့် ကြာမြင့်လာသည်ဖြစ်ရာ ရှေးမှုမပျက် အကြီးစားပြင်ဆင်ထိန်းသိမ်းမှုများ အချိန်မီပြုလုပ်သွားရန် လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။ ကျော်ဇေယျ၊အောင်သူ
-
ဦးပိန်တံတားအား ကြမ်းခင်းအစားထိုးပြင်ဆင်နေမှုကို ဧပြီ ၂၆ ရက်က မြင်တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment