0

Published on: April 5, 2014
Written by: ဖိုးလမင်း (ဆင်ဖြူကျွန်း)

ကုန်ဈေးနှုန်းဆိုတာ (Supply and Demand) ရောင်းလိုအား ၀ယ်လိုအားပေါ်က ထွက်လာတဲ့အဖြေပါ။ ရောင်းလိုအားများရင် ၀ယ်လိုအားနည်းရင် ကျမှာဖြစ်ပြီး၊ ရောင်းလိုအားနည်းရင် ၀ယ်လိုအားများရင် ကုန်ဈေးနှုန်းက တက်မှာပါ။ ဒါဟာ အခြေခံသဘောပါပဲ။

ထိုင်းကိုရောက်ဖူးတဲ့ အရာရှိကြီးတစ်ဦး က သူ ၁၉၈၀ ခုနှစ် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် တစ်ကြိမ် ရောက်ခဲ့တုန်းက ကြက်ဆီထမင်းတစ်ပွဲ လမ်းဘေးမှာ ၂၅ ဘတ်၊ ဆိုင်ကြီးမှာ ၃၀ ဘတ် အပြောင်းအလွဲမရှိ စားနိုင်ခဲ့တယ်ဆိုတဲ့ အဲဒီအချိန် အစိုးရနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေပြနေတာပဲလို့ ဆိုပါတယ်။ ဒို့နိုင်ငံရဲ့ ၁၉၆၀ ပြည့်နှစ်၊ ၁၉၈၀ ပြည့်နှစ်နဲ့ ၁၉၂၀ ပြည့်နှစ်တွေမှာရှိတဲ့ အစိုးရနဲ့ စီးပွားရေးအခြေအနေ ဘယ်လိုလဲကြည့်ပါဦး။

မှတ်စုထုတ်လိုက်ရင် ကိုယ်တိုင်မယုံကြည်လည်း လုပ်လိုက်တဲ့ ဟန်ဆောင် ဆိုရှယ်လစ်စနစ်။ ပြည်သူပိုင်သိမ်းတယ်။ ငွေစက္ကူတွေ ဖျက်သိမ်းတယ်။ အမှောင်ချပြီး နိုင်ငံပြင်ပနဲ့ဖြတ်ထားပြီး လုပ်ချင်တာလုပ်တယ်။ မျက်စိတွေ မကန်းပေမယ့် မမြင်ကြရဘူးလေ။ ပါးစပ်တွေလည်း ပိတ်ခံထားကြသေးတယ် မဟုတ်လား။ အိမ်နီးချင်းနိုင်ငံတွေထဲမှာ ဒီအချိန်တုန်းက ဘယ်လိုရှိခဲ့ကြတယ်ဆိုတာ သိကြပြီးသားပါ။ အလွန်ဆုံး တန်းတူအဆင့်ပါပဲဗျာ။ခုတော့ စင်ကာပူ၊ မလေးရှား၊ ထိုင်း အားလုံး ကိုယ့်အထက်မှာ။ အမျိုးသမီးတွေဆိုတာ မပြောပါရစေနဲ့တော့။ တစ်ချိန်က ၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်လောက်မှာ အစိုးရဌာနများမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ လျော့ဖို့စီမံချက်ရှိခဲ့တယ်။ ကိုယ်သွားတာမဟုတ် သူတို့ မှီခိုလာနေတာ။

အဲဒီမှာ ဒီနိုင်ငံမှာ မလုပ်နိုင်ကြတဲ့ ရာထူးစည်ပင် မစင်ကျုံး၊ မီးပြတိုက်စောင့်၊ ခလာစီကြိုးချီ (မော်တော်များ) အောက်ဆုံးအဆင့်များ ချန်ခွင့်ပေးဖို့ မနည်းတင်ပြခဲ့ကြရတယ်။ ခုတော့ ဒီအလုပ်မျိုးတွေ အားထားပြီး ကျွန်ုပ်တို့နိုင်ငံခြားမှာ သွားလုပ်နေကြရပြီကော။ ဘယ်လောက်များ ၀မ်းနည်းစရာကောင်းတဲ့ တို့ဘ၀တွေ ဘယ်လိုဖြစ်ခဲ့ကြရတာလဲ။ ဘယ်လိုနတ်ဆိုး၊ ကြမ္မာဆိုးတွေ ဖြစ်ကုန်ကြရတာလဲ။ ဒီနေ့ ပြည်သူ၊ ပြည်သားအားလုံး လိုချင်တောင့်တကြရတာက ကုန်ဈေးနှုန်းကျဖို့ နဲ့ ကိုယ့်နိုင်ငံမှာ အတော်ဆုံးခေါင်းဆောင်ရဖို့ မဟုတ်လား။ ကုန်ဈေးနှုန်းမကျရင် ဘယ်ပြည်သူမှ မငြိမ်းချမ်းနိုင်ကြမှာ မဟုတ်သလို ပြည်သူလိုလားတဲ့ ခေါင်းဆောင်၊ နိုင်ငံတကာ ကလိုလားတဲ့ အသင့်တော်ဆုံးခေါင်းဆောင် မရခဲ့ရင် ဘယ်တော့မှ မပြောင်းနိုင်ကြမယ့် ဘ၀။ ကာတွန်းတွေမှာ အဟောင်းမပြုတ်ရင်တော့ အဟုတ်မပြောင်းနိုင်ဘူးဆိုတာ သိနေကြလို့ပါပဲ။

ကျပါ့မလား ကုန်ဈေးနှုန်း။ တကယ် အပူပန်ရဆုံးပါ။ နိုင်ငံတော်က ထုတ်တဲ့ ထီပင် မှန်မှန်ကန်ကန် ပြည်သူတွေ ရကြပါသလား။ တံခါးဖွင့်တယ်ဆိုပေမယ့် သူတို့မကင်းတဲ့ သူတွေက တစ်ဆင့်သာ ထီဆိုင်တွေ ရကြတော့ ဘယ်လိုလုပ် သတ်မှတ်ဈေးနှုန်း ရနိုင်ကြမှာလဲ။ အုပ်ချုပ်ခါစက အမိန့်ပေးလုပ်ရင်ရမယ် ထင်ကြတယ်လေ။ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့တွေ အလီလီဖွဲ့ခဲ့ပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုပြီး ဈေးမကျရင်ဖမ်း ထောင်ချခဲ့ကြပေမယ့် အဲဒီအဖွဲ့တွေ အလီလီပဲပြုတ်ပြီး ကုန်ဈေးနှုန်းက တက်လာလိုက်တာ အားလုံးနစ်နေကြပြီဗျာ။ ခု ဆင်းမ်ကတ်တစ်ခု ကျပ် ၁၅၀၀။ ဟိုးတုန်းက အဖွဲ့ကြီးက သိန်း ၂၀ သိန်း ၃၀ ရောင်းခဲ့တယ်။ ဒီတော့ သူတို့ ဘယ်လိုလုပ် ဈေးချနိုင်မှာလဲ။ သူတို့ပဲ ပြုတ်ဖို့ရှိတော့မပေါ့။ ခု သိန်းတစ်ရာလောက်ကား အရင်က သိန်းငါးရာ တစ်ထောင်ဗျာ။ ဘယ်သူတွေ လုပ်ကိုင်စားကြတာပါလိမ့်။

တော်လှန်ရေးကောင်စီ တက်ခါစက ဂိတ်တွေ ဂိတ်တွေမရှိရ။ ခုများ မှိုလိုပေါက်နေပြီဗျာ။ ၀ါးတစ်လုံးဆို ဂိတ်ဖြစ်တာပေါ့။ မော်တော်ပီကယ်ဂိတ်ဆိုတော့ စားပွဲတစ်လုံး ထုံးပေသီးဦးထုပ်တစ်လုံး လုံလောက်ပါပြီး။ ပဲခူးတိုင်း အနောက်ခြမ်း မော်တော်ပီကယ်မရှိလည်း တောင်းရပါတယ်။အဲဒီဂိတ်တွေက ကူညီစမ်းပါရစေ မဟုတ်ဘူး ဂိတ်ကြေးပေးရတာ။ တရုတ်ပြည်လမ်း ဂိတ်ကြီးတွေဆိုတာ မှောင်ခိုသစ်ကားတစ်စီး ၁၀သိန်းတဲ့ဗျ။ ဘာပစ္စည်းမဆို ဖြတ်လို့ရတယ်။ အဲ ဂိတ်ကြေးတော့ ရှိတာပေါ့ဗျာ။ တရုတ်ပြည်တွက် ဂိတ်ကြီး တိုင်းပြည်အလယ် မန္တလေးမှာ ဘယ်လိုစစ် ဘယ်သူ ဘယ်ဌာနတွေ အကျိုးများနေသလဲ။ စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်။ ဒီဂိတ်တွေ ကုန်ကျတဲ့ငွေတွေက ကုန်ဈေးနှုန်းမှာ ပါကြမှာပါကလား။ ကုန်ပစ္စည်းတန်ဖိုးနဲ့ သယ်ယူစရိတ် မှန်ကန်သင့်မြတ်မှာ မဟုတ်သရွေ့ ဈေးက တက်လေဦးတော့ မောင်တို့ရေပဲ ဆိုလိုက်ချင်ပါရဲ့။

ရပ်ကွက် ကျေးရွာတွေမှာ လှုပ်လှုပ်ဆိုရင် ခွဲတန်းကျလာတာကလား၊ အားကစားပွဲ၊ ဘာပွဲဆိုရင် နည်းမျိုးစုံပါပဲ။ အောင်ဆန်းကွင်း ရန်ကုန်က တိုက်တန်းတွေ အမျိုးစုံဆက်ရတဲ့အပြင် လက်မှတ်ဘယ်နှစောင်၊ ကက်ဆက်ခွေတောင် ပါလိုက်သေး။ ဒီလိုစရိတ်တွေကလည်း နည်းမှမနည်းတာ။ အဲဒါတွေကတော့ ပုံမှန်မဟုတ်ဘူး။တိုက်ချင်တဲ့အချိန် တိုက်တာ။ ပုံမှန်က ရှိပါသေးတယ်။ ဒါကတော့ တစ်ပြည်လုံးပါပဲ။ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ ရထားလက်မှတ်၊ လျှောက်လွှာထောက်ခံစာ၊ နေရာတကာ ရေလောင်းမှရကြတဲ့ကိစ္စ အကုန်အကျက မှားလှဘိခြင်း။ ကားတစ်စီးကိစ္စ မနည်းပါပဲကလား။ အာမခံ၊ ထောက်ခံစာ၊ အိမ်ထောင်စုမှတ်ပုံတင် အကုန်အစုံပြည့်စုံချက် မကျန်တော့ တက်ပြီး စရိတ်ကြီးလှပါတယ်။သွားလုပ် ဘယ်လောက် ဘယ်လောက်ကျတောင်း၊ တကယ်စာအုပ်မှကျ ထောင်ဂဏန် မဟုတ်၊ ရာဂဏန်း။ သက်တမ်းတိုး ထပ်တောင်း ဒါတွေ စစ်ဆေးခွင့်ပြုမလိုတော့ပါဘူး။ ခက်အောင်လုပ် တောင်းကြတာပါ။

ကုန်သည်၊ ယာဉ်မောင်း၊ ဆိုင်ရှင် သူတို့ သူတို့မှာက ကုန်ကျတဲ့စရိတ်တွေ ကြည့်ရင် ကြောက်စရာကြီးပါ။

ခုလယ်ယာတွေမှာ လုပ်ရကိုင်ရခက်ကြတော့ မြေပေါင်၊ နွားရောင်း၊ သားသမီးတွေ နိုင်ငံခြားဆို ဂုဏ်မောက်မလားထင် ပို့နေကြပြီ။ သူတို့မှာကလည်း တစ်ဒုက္ခ။ ကိုယ်ပိုင်မိရိုးဖလာ လုပ်ကိုင်စားကြပေမယ့် မြေပေါ်မြေအောက် နိုင်ငံတော်က ပိုင်တယ်ဆိုတော့။ ဘယ်လို နိုင်ငံတော်မှန်း မသိတဲ့သူတွေ အချောင်ရတော့ သိမ်းကြ ခံကြရတယ်လေ။ ဘယ်သူမှမတိုင်ရဲ ခံကြရရှာတယ်။ မမှန်မကန် အကြံအဖန်လုပ်သူတွေလည်း နည်းနည်း နောနောလား ဧက သိန်းသန်းချီသတဲ့။ ရာဇ၀တ်တရား ဥပဒေအရ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု ရှိပါတယ်။ ခိုးမှုဆိုတာ ပိုင်ရှင်ရှိ တဲ့ပစ္စည်းမသိအောင် ယူတာဆိုကြပါတော့။ လုယက်မှုဆိုတာ ခြိမ်းခြောက်ယူတာ၊ ဓားပြမှုကတော့ လက်နက်နဲ့ ငါးဦးအထက် အနိုင်အထက်ယူတာ။ ဒီ သိမ်းခံရမှုပေါင်း ထောင်သောင်းချီတဲ့အမှုတွေထဲမှာ လုယက်မှု၊ ဓားပြ မှုနဲ့ ညီတာတစ်ခုမှ ပါတယ်လို့မကြားရတာ အံ့သြစရာပါပဲ။

တစ်ချိန်က ကမ္ဘာမှာ ဆန်အပို့ဆုံးဆိုတဲ့နိုင်ငံမှာ ခု ထိုင်းဆန်၊ ဗီယက်နမ်ဆန် ရောင်းနေကြပါပြီ။ ခု စိုက်ပျိုးနေတဲ့ လယ်သမား တောင်သူဦးကြီးတွေက အသက် ၅၀၊ ၆၀၊ သားသမီးတွေက နိုင်ငံခြား ရောက်ကုန်ပြီ။ လယ်တွေလည်း ဘယ်သူပိုင်မှန်း မသိ။ နောင်အနှစ် ၂၀လောက်မှာ သူတို့ သေကုန်ရင် လယ်သမား၊တောင်သူတွေ ရှိမှရှိကြပါတော့မလား။ ဒီမှာ စိုက်ရပျိုးရတာကလည်း မလွယ်၊ ဓာတ်မြေသြဇာကို ကြိုက်သလောက် ကြိုက်တဲ့အမျိုးဝ ယ်ရတာမဟုတ် တစ်ဧက မည်သည့်ဈေးနဲ့ အမိန့်နဲ့ ၀ယ်ခိုင်း။ ရင်လေးမိတာ အမှန်ပါပဲဗျာ။ တချို့ ကိုယ့်မြေကိုယ် သွားလုပ်ရတာ တစ်ဧက မည်မျှပေးမယ်ဆိုတဲ့စာချုပ်နဲ့ လုပ်နေကြရှာတဲ့သူတို့ “ငဘ” တို့မ၀ ဘယ်လိုလွတ်မြောက်ပါစေလို့ ဆုတောင်းပေးရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်။

ကုန်ဈေးနှုန်းက ကြီးလာလိုက်တာ နှစ်ပေါင်း “၅၀” ကျော်လည်း ရပ်ရုံလေးလောက်တောင် မရပ်သေးတော့ စီးပွားရေးပညာရှင်ကြီးများကို ပန်ကြားချင်တာတော့ ရှိပါတယ်။ ပညာရှင်ကြီးများက၊ ဘက်ကင်းကင်း အနည်းဆုံး “Supply” ရောင်းလိုအားများ ပွားများမှန်ကန် တရားနည်းလမ်းကျ ဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးပါလို့ ပန်ကြားရင်း မသေမချင်း စောင့်မျှော်နေပါ့မယ် ဆရာတို့ရယ်။
-
Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top