0

ရန်ကုန်၊ ဧပြီ ၂၀

နိုင်ငံခြားဘဏ်များကို မြန်မာနိုင်ငံတွင်းတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် ရွေးချယ်မည့် နိုင်ငံတကာ အကြံပေး ကုမ္ပဏီကို ယခုလကုန်တွင် တရားဝင် ကြေညာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြီးတန်း အရာရှိကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ နိုင်ငံတကာ အကြံပေး ကုမ္ပဏီကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ အကြံပေးအရာရှိများ ပါဝင် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံတကာ အကြံပေး ကုမ္ပဏီတွေကို အစကနေ တင်ဒါခေါ်မယ်ဆိုရင် အချိန်ကြာမှာစိုးလို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ တင်ဒါ ဆန်ခါတင် စာရင်းဝင် ကုမ္ပဏီ လေးခုထဲက တစ်ခုကို ရွေးလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်းတွင် နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့် ပြုသည့်အပေါ် ပြည်တွင်းပုဂ္ဂလိက ဘဏ်များက စိုးရိမ်မှုများ ရှိနေကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားဘဏ်များကို မည်သည့် ပုံစံနှင့် ခွင့်ပြုမည်၊ မည်သည့် ဝန်ဆောင်မှု လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည် စသည်ကို ဗဟိုဘဏ်က ရှင်းလင်းစွာ ချပြမှု မရှိသည့်အတွက် ပြည်တွင်းဘဏ်များ အနေနှင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် အခက်အခဲများ ရှိနေကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice သို့ ပြောကြားသည်။
“ပြည်တွင်းဘဏ်တွေ အတွက် စိန်ခေါ်မှုဆိုတာ ဘာလဲလို့ ပြောဖို့တောင် ခက်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ အခုအချိန်မှာ ပွင့်လင်းမြင်သာဖို့ လိုအပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် နိုင်ငံခြားဘဏ်များကို မည်သည့် စည်းမျဉ်း၊ စည်းကမ်း ဥပဒေများနှင့် ကိုင်တွယ်မည်ကို သိလိုကြောင်းလည်း ၎င်းက ထပ်မံပြောဆိုသည်။

ဗဟိုဘဏ်မှ အကြီးတန်းအရာရှိ တစ်ဦးကမူ နိုင်ငံခြားဘဏ်များကို ပြည်တွင်းတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုရာတွင် ဘဏ်ခွဲတစ်ခုသာ ဖွင့်၍ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ လုပ်ကိုင်နိုင်စွမ်း မရှိသေးသော ဝန်ဆောင်မှုများကိုသာ ကန့်သတ်ခွင့် ပြုသွားနိုင်ကြောင်း ပြောဆိုသည်။

နိုင်ငံတကာ အကြံပေး ကုမ္ပဏီနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် IMF အကြံပေးတို့ ပူးပေါင်းကာ နိုင်ငံခြားဘဏ်များကို အရေအတွက် အကန့်အသတ် ရွေးချယ်ခွင့် ပြုမည် ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုမည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်တွင်းတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ် ၄၀ နီးပါး ရှိနေပြီ ဖြစ်သည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top