0
(ဆောင်းပါးရှင် - အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ))

မကြာခင် သင်္ကြန်ရောက်ပေဦးတော့မည်။ ငွေဖလားမှာ နံ့သာရေထည့်ပြီး သပြေခက်နဲ့ ပက်ကြတယ်ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုကတော့ ခေတ်လူငယ်များအဖို့ မယုံကြည်နိုင်စရာပုံပြင်ပါ။ နှစ်ဟောင်းမှာတင်ခဲ့တဲ့ အညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ဆေးလို့လည်း ပြောင်စင်ဖို့မဖြစ်နိုင်တော့။ မစင်တဲ့အပြင် ထပ်ပြီးတောင်စွန်းထင်းကြဦးမယ့် ခေတ်သစ်သင်္ကြန်။
ငယ်နုစဉ် စာသင်သားဘ၀က သင်္ကြန်အကြိုနေ့မှာ မန္တလေးတစ်မြို့လုံးရှိ အလှပြယာဉ် သံချပ်မဏ္ဍပ် ယိမ်းအကတွေနဲ့ သင်္ကြန်မှာဖျော်ဖြေကြမည့် အဖွဲ့အားလုံး မဟာမြတ်မုနိဘုရားကြီးအရှေ့ (၄၅)တာဝင်းကြီးကိုပတ်ပြီး ဘုရားကြီးကို ဦးတိုက်ကန်တော့ကြတယ်။ နေ့လယ်နှစ်ချက်တီးချိန်လောက်ကတည်းက စောင့်ပြီး သံချပ်ဆို ဗိုလ်သခင်ဆရာ၊ အလှပြယာဉ်ဆို ငွေငန်းရုပ်ကြီးနဲ့မြို့မ၊ ယိမ်းအကအဖွဲ့ဆို နဂါးမယ်စလို့ ကြည့်ခဲ့ရတဲ့ မန္တလေးသင်္ကြန်ကို မြင်ယောင်မိပါတယ်။
ဗိုလ်သခင်ဆရာ သံချပ်အဖွဲ့ကလည်း မဆလခေတ်ရဲ့ကမောက်ကမနိုင်မှုတွေကို သံချပ်ရော သရုပ်ဆောင်ပါ အတော်ထိထိမိမိရှိလှတယ်။ မြို့မကတော့ ငွေငန်းရုပ်ကြီးရင်ပုံဖွင့် အတောင်ဖြန့်ပြီး ၀င်လာတာကို အဝေးကပင်မြင်ကြရတာမို့ " မြို့မလာပြီ၊ မြို့မလာပြီ" ဆိုကာ အလုအယက် တိုးကြိတ်ကြပြီး သင်္ကြန်ရနံ့တွေနဲ့ ကြိုင်သင်းလှတဲ့သီချင်းတွေကို မြိန်မြိန်ရှက်ရှက် နီးနီးကပ်ကပ်နားထောင်ရတာ အတော်ခံတွင်းတွေ့လှပါတယ်။ နဂါးမယ်ယိမ်းကတော့ ရွှေမန်းသူအချောအလှတွေနဲ့ သီချင်းသစ်တွေ တစ်နှစ်တစ်မျိုးမရိုးရအောင် တင်ဆက်ကပြ သီဆိုဖျော်ဖြေကြတယ်။ ဘုရားကြီးလာကန်တော့ကြတာမို့ အချိန်အတိုင်းအတာအရ အမြည်းသဘောပေါ့။ သင်္ကြန်ရက်တွေမှာတော့ ကိုယ့်ကျောင်းနဲ့နီးတဲ့ ဆုပေးမဏ္ဍပ်မှာ သွားထိုင်နေလိုက်ရင် မန္တလေးတစ်မြို့လုံးက ယိမ်းအလှပြယာဉ်သံချပ်စတဲ့ အဖွဲ့အားလုံးကို ကြည့်ရတယ်။ ဗဟိုမဏ္ဍပ်မှာလည်း ယိမ်းအဖွဲ့ရှိနေတော့ ပြန်ဧည့်ခံပေးရတယ်။ အပြန်အလှန်နှုတ်ဆက်ကြနဲ့ ရင်းနှီးချစ်ကြည်ခြင်းတွေတိုးလို့။ ဒါကြောင့်ထင်ရဲ့ မန္တလေးသူ၊ မန္တလေးသားတွေဟာ အချင်းချင်းချစ်ကြတယ်၊ ဇာတိစိတ် ပြင်းထန်ကြတယ်။ ခုတော့ မန္တလေးမြို့ကြီးမှာ မြန်မာရနံ့အပြည့်ရှိတဲ့သင်္ကြန်ကို တွေ့နိုင်တော့မည်မထင်။ ရုပ်သံတွေ၊စာနယ်ဇင်းတွေမှာ တွေ့မြင်ရတာကတော့ စီးပွားရေးကြော်ငြာများနဲ့ ခမ်းနားထည်ဝါနေတဲ့ မဏ္ဍပ်တွေကိုသာတွေ့မြင်ရပြီး နန်းဆန်မန်းဆန်တဲ့ သင်္ကြန်သီချင်းအသစ်တွေ ပျံ့လွင့်မလာတော့တာကို သတိပြုမိပါတယ်။
သင်္ကြန်ခါရောက်လေတိုင်း တစ်ခေတ်တစ်ခါက မန္တလေးသင်္ကြန်ကို လွမ်းမောပါဘိ။ ယနေ့ခေတ်သင်္ကြန်ကတော့ ၁။ ရေဖြုန်းသောသင်္ကြန် ၂။ငွေဖြုန်းသောသင်္ကြန် ၃။ စာရိတ္တပြုန်းသော သင်္ကြန်လို့ပဲ ဆိုရတော့မှာ။ ကိုယ်မြင်ရသလောက်ကို ပြောတာပါ။ အပြင်မှာဆို ဘယ်လောက်ကဲကြမည်မသိဘူးနော်ဆိုတော့ တရားနာပရိသတ်က "အလွန်ကဲကြပါတယ်ဘုရား"တဲ့ပြန်လျှောက်ကြတယ်။
မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို အလေးကဲတဲ့ ရိုးရာသင်္ကြန်ပွဲတော်ကြီးကို တိုင်းတစ်ပါးသားတို့အမြင်တွင် မူးချင်တိုင်းမူး၊ ဖော်ချင်သလောက်ဖော်၊ ပေါ်ချင်သလောက်ပေါ်၊ ရမ်းကားချင်တိုင်းရမ်းကားတဲ့ ပွဲတော်ကြီးပါတကားလို့ မြင်သွားခဲ့ရင် စင်ကြယ်စေရန်၊ အေးချမ်းစေရန် နိမိတ်ဆောင်လျက် ချစ်ကြည်ရင်းနှီးခင်မင်စွာ ရေလောင်းရေပက်ရတဲ့ သင်္ကြန်ပုံရိပ်သရုပ်မှန်ကို ကမ္ဘာမှာ တစ်မျိုးထင်ပေတော့မည်။ ရုပ်သံတွေမှာကြည့်ဖူးတဲ့ ချင်းမိုင်သင်္ကြန်ကား အလွန်ယဉ်ကျေးလှပါတယ်။
တာဝန်ရှိသူများ၊ မိဘလူကြီးသူမများမှ ရေဖြုန်းသော၊ ငွေဖြုန်းသော၊ လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ်များ စာရိတ္တပြုန်းသောသင်္ကြန်ကြီးကို လျစ်လျူ ရှုမနေသင့်တော့ပါ။ စီးပွားရေးဘက်ပဲကြည့်ကြည့်၊ စာရိတ္တဘက်ကပဲကြည့်ကြည့် မြေအောက်ရေနဲ့ ရေချိုရှားပါးလာခြင်းကိုပဲ ထောက်ရှုပြင်ကြရမယ့် အခြေအနေဖြစ်ပါတယ်။ ဘာသာရေးရှုထောင့်ကကြည့်လျှင်လည်း နှစ်ဟောင်းကအညစ်အကြေး နှစ်သစ်မှာအတာရေနဲ့ ဘယ်လောက်ပဲဆေးကြောဆေးကြော မစင်ကြယ်နိုင်တာကို အားလုံးသိကြမှာပါ။ မြန်မာတို့ရဲ့ ယဉ်ကျေးတဲ့သင်္ကြန်ဆိုတာကလည်း အမည်ခံသက်သက် ခုတုံးလုပ်ခံထားရသလိုမျိုးနှယ် ဖြစ်နေပါပြီး။
သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ တစ်နှစ်တစ်နှစ် အရက်ဂါလန်ပေါင်း ၂၅ သန်းကုန်သတဲ့။ လူဦးရေသန်း ၆၀ မှာ တစ်နှစ်အတွင်း အရက်ဖြုန်းအားက ဂါလန် ၂၅ သန်းမသေးလှပါ။
ဟိုရှေးယခင်က အလှူဆိုရင် မီးခိုးတိတ် ထမင်းရည်ချောင်းစီးလို့ဆိုကြတယ်။ ခုတော့သင်္ကြန်ဆိုတာ ယမကာချောင်းစီးလို့ ပြောရတော့မှာဖြစ်တယ်။ လူရွှင်တော်တွေ သံချပ်ထိုးသလို အဲဒါတွေကို ကြည့်လုပ်ကြပါဦးဟု ဆိုရမလိုပင်။
ကုမ္ဘာဇာတ်တော်
ဘုရားရှင်က သာဝတ္ထိမြို့အရက်ပွဲတော်တွင် အမျိုးသမီးများအရက်သောက်ပြီး တရားပွဲမှာ သောင်းကျန်းကြခြင်းကို ၀ိသာခါကျောင်းအမကြီးက ဘုရားရှေ့မှာတောင် အရှက်မဲ့စွာပြုရက်ကြတယ်လို့ လျှောက်ထားသဖြင့် ဟောကြားတော်မူတဲ့ ဇာတ်တော်ဖြစ်ပါတယ်။
သုရာဆိုတဲ့သူဟာ တောတောင်တွေမှာ သစ်ဥသစ်ဖုကို လှည့်လည်ရှာဖွေနေသူဖြစ်ပါတယ်။ တစ်နေ့ သုံးခွဆိုင်သစ်ပင်ကြီးမှာ အခေါင်းပေါက်ကြီးရှိပြီး မိုးရေတွေနဲ့ ပြည့်နေပါတယ်။ ဆီးဖြူ၊ သျှစ်သျှား၊ သဖန်းခါး၊ ငရုတ်ပိတ်ချင်းနဲ့ ငှက်များချီလာတဲ့ သလေးစပါးတို့လည်း ထိုမိုးရေမှာကျရောက်ပြီး စိမ်ရည်လိုဖြစ်နေပါသတဲ့။ နေပူတော့ အမြှုပ်များ ပွက်ထနေပါတယ်။ နွေရာသီမှာ ရေဆာကြတဲ့ ငှက်များဟာ အဲဒီသစ်ခွကြားက စိမ်ရည်ကို သောက်ကြပြီး ဖုတ်ခနဲဖုတ်ခနဲ မြေပေါ်ကျ၊ ခဏကြာတော့ လန်းဆန်းတက်ကြွစွာနဲ့ တွန်မြည်ပျော်မြူးလို့ ပျံသွားကြတာကို သတိထားမိသတဲ့။
" ဒီအရည်ဟာ အဆိပ်ရည်တော့ မဖြစ်နိုင်တန့်ရာ။ ငှက်များမှ မသေတာဘဲ။ ငါလည်း မြည်းစမ်းသောက်ကြည့်ဦးမယ်" လို့ ကြံပြီးသောက်ကြည့်တော့ လူမှာသွေးလည်ပတ်နှုန်းသွက်လက်ကာ လန်းဆန်းတက်ကြွပေါ့ပါးလာသတဲ့။ အရည်ချည်းသောက်လို့အားမရ တစ်ခုခုနဲ့တွဲဖက်သောက်တဲ့ ချင်ခြင်းဖြစ်ပေါ်လာပြန်သတဲ့။ အဲဒါနဲ့ မူးမူးပြီးပြုတ်ကျလာတဲ့ငှက်များကို မီးကင်ကာ တွဲဖက်သောက်လိုက်တော့ ဘယ်စည်းစိမ်နဲ့မှ မလဲနိုင်တဲ့အရသာကိုခံစားရပြီး အစွဲကြီးစွဲသွားပါတယ်။ တစ်ယောက်တည်း သောက်ရတာထက် အဖော်ကလေးနဲ့ပါ သောက်ချင်စိတ်ဖြစ်ပေါ်လာလို့ ၀ါးကျည်တောက်နဲ့ဆောင်ယူကာ အမြဲဝင်နားနေကျကျောင်းသင်္ခမ်းက ၀ရုဏရသေ့နဲ့အတူ ငှက်ကင်လေးကိုက်လိုက် တစ်ကျိုက်မော့လိုက်နဲ့ ၀ရုဏရသေ့ရော သုရာပါ ဘာကိစ္စမှမလုပ်ကြတော့ဘဲ ငှက်ကင်နဲ့သဘာဝစိမ်ရည်ကိုသာ သောက်နေကြပါတော့တယ်။
နောက် ၀ါးကျည်တောက်များနဲ့ ဆောင်ယူကြပြီး မြို့ရွာများသို့လှည့်လည်ရောင်းချ စီးပွားရှာကြတယ်။ သစ်ခေါင်းကြီးထဲက စိမ်ရည်များကုန်သွားတော့ ကိုယ်တိုင်ဆီးဖြူ သျှစ်သျှားစတဲ့ အမည်တွေကို စုဆောင်းပြီး စဥ့်အိုးကြီးများနဲ့စိမ်ကာ သုရာနဲ့ဝရုဏတို့ ကိုယ်တိုင်ပင် စိမ်ရည်ကိုစီမံပြီး ရောင်းချကြပါတယ်။ နိုင်ငံသုံးနိုင်ငံလောက် မင်းနဲ့ပြည်သူများအရက်စွဲပြီး ဘာအလုပ်မှ ဟုတ်တိပတ်တိမလုပ်ကြတော့ နိုင်ငံဆင်းရဲသွားတယ်။ သုရာနဲ့ဝရုဏတို့လည်း ထွက်ပြေးခဲ့ရတယ်။
ဗာရာဏသီရောက်ပြန်တော့ သဗ္ဗမိတ္တဘုရင်ကြီးကို အထူးစိမ်ရည် စီမံပေးနိုင်ကြောင်း၊ အလွန်အရသာရှိကြောင်းလျှောက်ထားကြပြီး စဥ့်အိုးကြီးများနဲ့ဆောင်ရွက်ကြပါတယ်။ ကြွက်များ လာမသောက်စေရန် အိုးများရဲ့အနီးမှာ ကြောင်များကိုစောင့်စေပါတယ်။ အပူရှိန်ကြောင့် စိမ်ရည်များလျှံကျလာရာ ကြောင်များသောက်ပြီး လဲကျကြတယ်။ ကြောင်များရဲ့ နှုတ်သီးအမြီးတို့ကို ကြွက်များ ကိုက်တာကိုပင် ကြောင်များမသိနိုင်ကြ။ ကြောင်တွေသေကုန်ပြီဟု အထင်ရောက်ကာ တို့နိုင်ငံကို သေရည်များလာရောင်းချသလားဟု ကြိမ်းမောင်းပြီး သုရာနဲ့ဝရုဏတို့ကို ခေါင်းဖြတ်သတ်ပစ်လိုက်ကြတယ်။ ကြောင်များအမူးပြေလို့ နိုးလာကြတော့ ပိုပြီးလန်းဆန်းနေတာကို တွေ့မြင်ကြပါမှ သေရည်မဟုတ်ကြောင်းသိကြပြီး ဘုရင်နဲ့မှူးမတ်တို့ သောက်မယ်လို့ ခွက်ကိုင်နေချိန်မှာ "လူသားတို့ သုစရိုက်တရားတွေကျင့်ကြရဲ့လား၊ မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးကြရဲ့လား"လို့ သိကြားမင်းကကြည့်ရှုရာ သဗ္ဗမိတ္တဘုရင်နဲ့ မှူးမတ်တို့ အရက်ခွက်များကိုင်လျက် သောက်တော့မည်ကိုမြင်ပြီး တိုင်းနိုင်ငံကြီးပျက်တော့မှာပဲဟု ကြံတွေးကာ အရက်ရဲ့ဆိုးပြစ်များကို လာရောက်ဟောပြောပါတယ်။ သိကြားမင်းတရားနာကြားပြီး စိမ်ရည်အိုးကြီးများကို ခွဲပစ်လျက် နိုင်ငံတော်တစ်ဝန်းလုံး အရက်ကင်းစင်နယ်မြေဖြစ်သွားပါတယ်။ ၀ိသာခါဟုဒေသနာတော်ကို အဆုံးသတ်တော်မူပါတယ်။
အဲဒီတုန်းက သိကြားမင်းသည် ဘုရားအလောင်း၊ သဗ္ဗမိတ္တဘုရင်သည် အရှင်အာနန္ဒာအလောင်း ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အရက်ကိုအစပျိုးခဲ့သူ သုရာကို အစွဲပြုပြီး ယခုအခါအရက်ကို "သုရာ" ခေါ်ဆိုရခြင်းဖြစ်ပါတယ်။
သင်္ကြန်မှာ သိကြားဆင်းတယ်ဆိုတာ အရက်မသောက်ကြဖို့၊ သုစရိုက်-ကောင်းတဲ့အကျင့်တွေ ကျင့်ကြဖို့၊ မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးကြဖို့ကို သတိရစေဖို့ဖြစ်ပါတယ်။ အခုတော့ သင်္ကြန်ဆိုတာ ယမကာချောင်းစီးဖြစ်နေပါပြီ။ အခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် နိုင်ငံချွတ်ခြုံကျနေခြင်းဟာ စည်းမဲ့ကမ်းမဲ့ အရက်သေစာသောက်စားခြင်းလည်း အကြောင်းတရားတစ်မျိုးအနေနဲ့ပါဝင်မှာပါ။
သို့အတွက်-
တိုင်း . . . မြန်ပြေ (ပြည်)အေးချမ်းစေဖို့ သွန်းလောင်းတဲ့သင်္ကြန်ရေဖြစ်စေဖို့ အားလုံးကြိုးပမ်းကြပါစို့၊ ပြုပြင်ကြပါစို့ဟူ၍သာ။
(ယမန်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ ကျုံးနံဘေး မန္တလေးသင်္ကြန်မြင်ကွင်း)


Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်



Post a Comment

 
Top