0

Published on: April 4, 2014

ဘင်္ဂါလီကျေးရွာတချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုအား လက်ခံ၍ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူနေကြောင်းနှင့် ယင်းသို့ကောက်ယူရာတွင် အုပ်စုဖွဲ့ပြီး လုံခြုံရေးအပြည့်အ၀ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီ ၃ ရက်က မောင်တောမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကညင်တန်းရပ်ကွက်နှင့် ရပ်ကွက်(၂) ရပ်ကွက်တို့အား ကောက်ယူရာတွင် လူမျိုးအမည်ကို မေးရာတွင် ရိုဟင်ဂျာဟုသာ အများစုဖြေဆိုခဲ့ကြပြီး အိမ်ထောင်စုရှိ လူဦးရေ ကျားမ စုစုပေါင်းကိုသာ မှတ်တမ်းယူခဲ့ကြောင်း သိရသည်။

မြို့မတောင်ရပ်ကွက် (၂) တွင် နေအိမ်တစ်ခုအား သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်အား ပြည်ထောင်စုလူမျိုးဟု ဖြေဆိုခဲ့ကြောင်းနှင့် ပြည်ထောင်စုလူမျိုး မရှိကြောင်း စာရင်းကောက်များမှ ပြောဆိုသော်လည်း သူဟာ ပြည်ထောင်စုလူမျိုးဟု ပြောဆိုခဲ့သည်။

ယင်းသို့လူမျိုးအမည်မှာ ပြည်ထောင်စုလူမျိုးဟု ဖြေဆိုခဲ့သူ ဦးမာမတ်ဘူချီးက“ကျွန်တော့်အဖေကလည်း ဒီမှာမွေးခဲ့တယ်။ ကျွန်တော့်ကိုလည်း ဒီမှာပဲ မွေးခဲ့တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အဖေဟာ ပြည်ထောင်စုလူမျိုးဖြစ်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် ကျွန်တော်ဟာလည်း ဘင်္ဂါလီလူမျိုးလည်း မဟုတ်ဘူး။ ရိုဟင်ဂျာလည်း မဟုတ်ဘူး။ ပြည်ထောင်စုလူမျိုး ဖြစ်တယ်”ဟု ဖြေဆိုခဲ့သည်။

မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီကျေးရွာအများစုတွင် ရိုဟင်ဂျာဟုထည့်မှသာ သန်းခေါင်စာရင်းအား လက်ခံမည်ဟု ပြောဆိုနေ၍ စာရင်းကောက်ခံ၍ မရဘဲဖြစ်နေပြီး ကျေးရွာတချို့တွင် ရိုဟင်ဂျာ ၉၁၄ ဟု ဆိုင်းဘုတ်ထောင်ထားကြောင်းလည်း စာရင်းကောက်ဆရာဆရာမများ၏ ပြောကြားချက်အရ သိရသည်။

ဧပြီ ၂ ရက်မှ စတင်ကာ မြို့နယ်အတွင်း ကျေးရွာများသို့သန်းခေါင်စာရင်းကောက်အဖွဲ့တချို့ သွားရောက်ရာမှ ပြန်ရောက်လာကြပြီ ဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်တွင် စာရင်းစတင်ကောက်ခံနေပြီဟုလည်း သိရသည်။

“ကျွန်တော်တို့က နယ်မှာ သန်းခေါင်စာရင်းသွားကောက်တာပါ။ အများစုက ဘင်္ဂါလီရွာတွေဖြစ်တယ်။ ရွာထဲဝင်ပြီးမေးတော့ လူမျိုးအမည်ကို ရိုဟင်ဂျာပဲပြောနေတော့ ညွှန်ကြားထားတဲ့အတိုင်း စာရင်းမကောက်တော့ဘူး။ အခု ကျေးရွာတွေအားလုံး သွားပြီးပြီဖြစ်လို့ ပြန်လာတာဖြစ်ပါတယ်။ တချို့ နေအိမ်တံခါးတွေနဲ့ ခြံဝင်းတွေမှာ ရိုဟင်ဂျာ ၉၁၄ ဆိုပြီး ရေးထားတာ တွေ့ခဲ့ရတယ်။တချို့ကျေးရွာတွေမှာ ဘင်္ဂါလီတွေက အုပ်စုလိုက် ၀ိုင်းအုံလာလို့ လှည့်ပြန်ခဲ့ရတာရှိတယ်”ဟု သန်းခေါင်စာရင်းကောက်ခံရာတွင် ပါဝင်သူ ဆရာတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များသို့ စာရင်းကောက်အဖွဲ့များ စာရင်းမကောက်ဘဲ ချန်ထားခဲ့သည်ဟု ပြောစရာမရှိအောင် တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူနေခြင်းဖြစ်ကြောင်း မြို့နယ်လ၀က အရာရှိတစ်ဦးက ဆိုသည်။

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ချိန်ဆွဲထားသောဆိုင်းဘုတ်အားတွေ့ရစဉ်

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top