ကိုတိုးကြီး| စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။
ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ အတွင်းရှိ တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ကို ကာရံထားသည့် အုတ်တံတိုင်းမှာ ယခုလ ၁၇ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က ပြိုကျခဲ့သည်ဟု ထိုဒေသ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
“လယ်တီသိမ်တော်နဲ့ တောင်ကြားစေတီမှာရှိတဲ့ ဘုရားကုန်းမြေရဲ့ စနေထောင့်က အုတ်တံတိုင်း ပြိုကျခဲ့တာဖြစ်ပါတယ်” ဟု ၎င်း ရဲတပ်ဖွဲ့ဝင်မှ ဆက်လက်၍ ပြောသည်။
တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ကို ကာရံထားသော အုတ်တံတိုင်းပြိုကျချိန်တွင် ထိုဒေသ၌ လေပြင်းများ တိုက်ခဲ့ရာ အချိန်တစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည်ဟု ကြေးနီတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
“အုတ်တံတိုင်းပြိုကျရတဲ့ အကြောင်းအရင်းက တောင်ကြားစေတီနဲ့ သိမ်တော်ကို ပတ်လည် ကာရံထားတဲ့ ပလပ်စတစ် အစိမ်းရောင် ပိုက်ကွန်စများ ပြိုလဲကျပြီးနောက် စနေထောင့်က အုတ်တံတိုင်းပါ ပြိုကျခဲ့ခြင်းဖြစ်ပါတယ်” ဟု ယင်းမာပင်ခရိုင် ထွေအုပ်ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။
“ပြိုကျတဲ့ အုတ်တံတိုင်းက (၇)ပေအခန်းတစ်ခန်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ရုံးဝန်ထမ်းတစ်ဦး ကလည်း အတည်ပြုပြောကြားသည်။
အဆိုပါ တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ကို
နေရာသစ်သို့ ပြောင်းရွှေ့တည်ထား ကိုးကွယ်နိုင်ရန် ကြေးနီတူးဖော်ရေး ကုမ္ပဏီနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့တို့မှ ယခုလဆန်းပိုင်းက စတင်ကာ ပူးပေါင်းဆောင်ရွက်နေသည့် အချိန်ကာလတွင် အုတ်တံတိုင်းပြိုကျခဲ့ခြင်းဖြစ်
တောင်ကြားစေတီနှင့် လယ်တီသိမ်တော် ပြောင်းရွှေ့သည့် ကိစ္စနှင့် ပတ်သက်၍ လက်ပံတောင်းတောင် စုံးစမ်းစစ် ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “နိုင်ငံရေးအရရောဖြစ်စေ၊ ဘာသာရေး အရရောဖြစ်စေ ဒီကိစ္စစောနေသေးတယ်လို့ အန်တီတို့ကမြင်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)အရ တင်ပြပေးထားခဲ့ပြီးပြီ။ အခုချိန်မှာရွှေ့မယ်ဆိုရင်တော့ အဲဒီ့အချက်နဲ့ မညီဘူးလို့ပဲပြောရမှာပေါ့ ” ဟု မဇ္ဈိမကို ပြောသည်။
လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်ကျောင်း၊ စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္ထုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံးများကို ကွင်းရှောင်ပြီး ကြေးနီသတ္ထု တူးဖော်ထုတ်လုပ်မည် ဆိုလျင်လည်း ယင်းအဆောက်အအုံးများ၏ ကြံ့ခိုင်တည်မြဲမှုကို ထိခိုက်နိုင်ခြင်းတို့ကြောင့် အဆိုပါ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို လုံးဝ ထိခိုက်ပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာ တစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့်သည်ဟု လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေးကောက်မရှင်၏ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)တွင် သုံးသပ်တင်ပြထားသည်။
Aye Chan Mon# Credit To : Mizzima - News in Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.