0

Published on: April 5, 2014
Written by: လဲ့လဲ့အောင်

မန္တလေးတိုင်းဒေသကြီး ဧရာဝတီမြစ် ရေလမ်းနယ်မြေအတွင်း၌ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိသော ရေလမ်းကြောင်းဖွံ့ဖြိုးရေးနှင့် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများကို ဧပြီလကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရေလမ်းကြောင်းဖွံ့ဖြိုးရေးအတွက် နေရာ ငါး နေရာနှင့် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရ သီးသန့်ရန်ပုံငွေဖြင့် ငါးနေရာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကိုးနေရာ တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေနဲ့ ပြုလုပ်ရမယ့် ရေလမ်းကြောင်းဖွံ့ဖြိုး ရေးလုပ်ငန်းတွေ ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းတွေကို အခုဧပြီလကုန်အပြီး ဆောင်ရွက်သွားမှာပါ။ ကမ်းပါးပြိုကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ရေလမ်းနယ်မြေအတွင်းမှာ ဆောင်ရွက်နေတဲ့နေရာ စုစုပေါင်း ၁၄ ခု ရှိပါတယ်။ ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းကလည်း ၇၀ ရာခိုင်နှုန်းအထက် ပြီးစီးနေပါပြီ”ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောကြားသည်။

ရေလမ်းကြောင်းဖွံ့ဖြိုးရေးနှင့် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ် ရေစကျချိန် နိုဝင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူကာလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆီသည်ကျေးရွာ၊ ထီးကုန်း-သာယာဝတီ၊ ဟင်္သာမ၊ သဖန်းထောင့်၊ ညောင်ပင်သာ၊ ယက္ခဒီပ၊ ဆီမီးခုံ၊ စားကြူးအလယ်ရွာနှင့် လင့်ကြီး(မြောက်)ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများမှာ သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ သီးသန့်ရန်ပုံငွေဖြင့် သူဌေးကုန်း၊ သုံးဆယ်ပေး၊ နန်းတော်ကျွန်း၊ ဆိတ်ညံ၊ ဆင်မင်း ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသော ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများမှာလည်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
-
ရေလမ်းဖွံ့ဖြိုးရေးအတွက် မျောတိုင်တန်းကျောက်ခင်းရေကာ ဆောင်ရွက်နေမှုကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top