Published on: Wednesday 2014-03-26
Author: ငြိမ်းချမ်း
Location: ရန်ကုန်
ဓာတ်ပုံ − ငြိမ်းချမ်း
ရန်ကင်းမြို့နယ် ကံဘဲ့ ဘူတာရုံလမ်းရှိ အိမ်တစ်အိမ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြေနေရာတွင် ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားရန်လာသော ဟိုတယ်ခရီးမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များကို သံဃာတော် ၁၀၀ ခန့်က တားဆီးပြီး ထိပ်တိုက်တွေ့နေချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင် ရွှေကိုယ်တိုင်လာရောက်၍ အစားထိုးမြေတစ်ကွက် ရရှိအောင် ဆောင်ရွက်ပေးပြီး ဖြေရှင်းခဲ့သည်။
မတ်လ ၂၅ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်သည် ကံဘဲ့ဘူတာရုံလမ်းရှိ အိမ်အမှတ် (၁၁၃၅)အား ဖယ်ရှားရန်ရောက်ရှိလာစဉ် ထိုသတင်းကိုကြားသိသော ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာ ယသာသနဗိမာန်မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဉာဏဝံသ သည် ဖယ်ရှားမည်ကို လက်မခံသောကြောင့် ရဟန်းသံဃာအပါး ၁၀၀ ခန့် ခေါ်ယူကာ တားဆီးခဲ့သည်။
အိမ်ဖယ်ရှားမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် သံဃာတော်များ ထိပ်တိုက်တွေ့နေသောကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ရွှေသည် အဆိုပါအိမ် မြေနေရာအတွက် ရန်ကုန်တိုင်းစည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပေ ၂၀×၆၀ မြေတစ်ကွက်ကို အစားထိုးပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ မြေတောင်းခံသောစာကို ၎င်းကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးပေးသည်။ စည်ပင်မှ တောင်းခံသော မြေရလျှင် ယခုလက်ရှိနေထိုင်သောအိမ်ကို ဖယ်ရှားပေးရမည်ဟု နှစ်ဖက်ညှိနှိုင်းသဘောတူခဲ့ကြသည်။
‘‘အဲဒီအိမ်က နေလာတာကြာပြီ။ အဲဒါကို ဝန်ကြီးဌာနမြေမှာ ကျူးကျော်နေတယ်လို့ပြောတယ်။ အဲဒီအိမ် စနေတာက ၁၉၉၂ ခုနှစ်မှာ။ ဟိုတယ်ဝင်း စလုပ်တာက ၁၉၉၅ ခုနှစ်မှာပါ။ အဲဒါကို ဖယ်ရှားမယ်ဆိုတာတော့ လက်မခံဘူး။ တရားရုံးရဲ့ အမိန့်စာကိုပြခိုင်းတော့လည်း သူတို့ မပြနိုင်ဘူး။ အခြားနေရာအစားထိုးပေးမယ်လို့ပြောတယ်။ ပေးတဲ့နေရာကလည်း ဒီနေရာလောက်မှ အဆင်မပြေရင် ဘုန်းကြီးတို့က လက်ခံမှာမဟုတ်ဘူး’’ ဟု ရန်ကင်းမြို့နယ် ပဉ္စနိကာယ သာသနဗိမာန် မစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ မြို့နယ်သံဃာဝန်ဆောင်အဖွဲ့မှ ဦးဉာဏဝံသက မိန့်ကြားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် တရားရုံး၏ အမိန့်စာဖြင့် ဖယ်ရှားခြင်းမဟုတ်ကြောင်း သတင်းရရှိသည်။
အဆိုပါအိမ်ကို ဖယ်ရှားပေးရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက တရားရုံး၏ အမိန့်စာမပါဘဲ ၁၉၅၅ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ အရ ဆိုကာ ဖေဖော်ဝါရီ ၁၇ ရက်တွင် အိမ် အမှတ်(၁၁၃၅)အိမ်ပိုင်ရှင် ဒေါ်သန်းသန်းအေးထံ အမိန့်စာ ပေးပို့ခဲ့သည်။
‘‘ဖယ်ရှားခိုင်းတာကလည်း မဟုတ်ဘူး။ ဟိုတယ်ခရီးက တာဝန်ရှိတဲ့ ဦးမြင့်ဦးက အခွင့်ရအာဏာဆိုပြီး အမိန့်စာပေးတာ။ အဲဒါကို ကျွန်မတို့က လက်မခံဘူး။ ရပ်ကွက်ရုံးကလည်း ကျွန်မတို့အိမ်ပိုင်ဆိုင်ကြောင်းဆိုတာလည်း ထောက်ခံပေးတယ်။ သူတို့ပေးမယ့်နေရာက ဒီနေရာထက် မကောင်းဘူးဆိုရင် မရွှေ့ပြောင်းပေးနိုင်ဘူး’’ ဟု ၁၉၉၂ ခုနှစ်တွင် ထိုမြေနေရာကို ဝယ်နေခဲ့သော အိမ်ပိုင်ရှင် ဒေါ်သန်းသန်းအေးက ပြောသည်။
ယင်းနေရာကို ကျူးကျော်သည်ဟုဆိုကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခဲ့ပြီး ရန်ကင်းမြို့နယ် တရားရုံးက အဆိုပါအိမ်ကို ဖယ်ရှားရမည်ဟု အမိန့်နှင့် အိမ်ပိုင်ရှင်ကို ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။
ထိုသို့ ချမှတ်ခြင်းကို တိုင်းတရားရုံးထံ အယူခံဝင်ရောက်ရာ တိုင်းတရားရုံးက မြို့နယ်ကချမှတ်ခဲ့သောအမိန့်ကို ပယ်ချခဲ့aကြာင်း အိမ်ပိုင်ရှင်ဒေါ်သန်းသန်းအေးက ပြောသည်။
Aye Chan Mon# Credit To :7Day News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.