0

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံရေးအရ ဖိနှိပ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ထိုကိစ္စရပ်များအတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ်တွင် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး နှင့် ပခုက္ကူမြို့မှ ပြည်သူများက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆို ဆန္ဒထုတ်ဖော်ခွင့်ကို သက်ဆိုင်ရာသို့ တရားဝင်တင်ပြသော်လည်း ငြင်းပယ်ခဲ့ပြီး မတ် ၂၅ ရက်တွင် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးကျော်ကျော်သန်းအား မကွေးမြို့အမှတ်(၁) ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ထို့ပြင် မတ် ၂၆ ရက်တွင် ပခုက္ကူမြို့၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုတို့ကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချို၊ မနီလာသိန်း၊ မမီးမီးနှင့် ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ခဲ့သည့် ဒေသခံအချို့ကို သက်ဆိုင်ရာက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်ဟု သိရသည်။

“အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခွင့် ရနေတဲ့အချိန်မှာ မကွေးတိုင်းမှာ အဲဒီအခွင့်အရေး ဆုံးရှုံးနေတယ်။ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆန္ဒပြခွင့်တွေအားလုံး ဒီကိစ္စမှ မဟုတ်ဘူး စာပေဟောပြောပွဲတွေတောင် လိုက်ပိတ်တာတွေ ရှိတယ်။ ဒါဟာနိုင်ငံသား အခွင့်အရေးချိုးဖောက်ခံနေရတာ။ အဓိကကတော့ တိုင်းဒေသကြီး ၀န်ကြီးချုပ်မှာ တာဝန်ရှိတယ်လို့ ယူဆတယ်။ သူ့ရဲ့ ညွှန်ကြားချက်တွေနဲ့ သီးခြားသွားနေတယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆို ဆန္ဒထုတ်ဖော်ပွဲများတွင် သွားရောက်ပူးပေါင်းပါဝင်ခဲ့သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ကိုဥာဏ်လင်းက ပြောကြားသည်။

“တခြားတိုင်းဒေသကြီးတွေမှာ ခွင့်ပြုလျက်သားနဲ့ ဒီမှာနိုင်ငံရေးအရ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒါကို လက်မခံဘူး။ တစ်နိုင်ငံလုံးမှာ ဥပဒေတွေက တစ်ပြေးညီ ဖြစ်နေရမှာ။ နိုင်ငံသားအခွင့်အရေးအရ လူတိုင်းက လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်တွေကို သူကိုယ်တိုင် ချိုးဖောက်သလို ဖြစ်နေတယ်။ ဒီလိုမျိုး သဘောထားတင်းမာသူရဲ့လုပ်ရပ်တွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှာ တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်။ သူတစ်လူ ငါတစ်မင်း လုပ်နေတဲ့ကိစ္စမှာ အစိုးရအနေနဲ့ အရေးယူမှု တစ်စုံတစ်ရာ လုပ်သင့်တယ်” ဟု ကိုဥာဏ်လင်းက ဆက်လက် ပြောကြားသည်။

“ဥပဒေတွေကို အယုံအကြည်မရှိလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမိုကရေစီနည်းကျ ဆန္ဒပြခဲ့တာ။ မန္တလေးမှာတော့ ခွင့်ပြုချက်ရပြီး မကွေးမှာ မရတာ မကွေးက သီးခြားနယ်မြေလား။ တစ်နိုင်ငံလုံးအတွက် ဥပဒေက တန်းတူညီမျှ မရှိဘူးလား”ဟု ဆန္ဒပြမှုတွင် ပါဝင်ပြီး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသူ ဦးကျော်ကျော်သန်းက ဆိုသည်။

မကွေးမြို့တွင် ဆန္ဒပြပွဲများ ခွင့်မပြုရခြင်းမှာ မြို့၏ တည်ငြိမ်အေးချမ်းမှုအား အဖျက်အမှောင့် ပြုမည်စိုး၍ ဖြစ်သည်ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်ဝင်းချစ်က မတ် ၂၅ ရက်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှာ ဦးဖုန်းမော်ရွှေဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်သည်။ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။

၎င်း၏ လက်ထက်တွင် သတင်းမီဒီယာသမားများအား ဖမ်းဆီးမှုများရှိခဲ့ပြီး Eleven Media Group မှ မကွေးမြို့ခံ သတင်းထောက် နှစ်ဦးအား သတင်းဓာတ်ပုံများနှင့် ဆက်စပ်၍ ဖမ်းဆီးချုပ်နှောင် ခဲ့ဖူးသည်။ ဦးဖုန်းမော်ရွှေသည် တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် DVB သတင်းထောက် ဦးဇော်ဖေ (ခေါ်) ဦးသူရသက်တင်နှင့် ကျောင်းသားမိဘတစ်ဦးမှာ ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံထားရကာ ဧပြီ ၄ ရက်တွင် စီရင်ချက် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီက မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ လက်နက်စက်ရုံသတင်း ဖော်ပြခဲ့သော ယူနတီသတင်းဂျာနယ် နှင့် သတင်းထောက်လေးဦး တရားစွဲဆိုခံရသော အမှုမှာလည်း ၎င်း၏ မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေ၏ မိသားစုပိုင်ဆိုင်မှုမှာ ကြီးမားပြီး ၎င်းရရှိသောလစာနှင့် ၀င်ငွေကိုနှိုင်းယှဉ်ပါက အဆမတန် ကြီးမားနေကြောင်း မကွေးတိုင်းအတွင်းရှိ ဒေသခံများက ပြောကြားသည်။ ၎င်းအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ အမည်တပ်လုပ်ကိုင်နေခြင်း မရှိသော်လည်း မကွေးမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများထံတွင် ရင်းနှီးမြှုပ်နှံခြင်းများ ရှိကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရေနံမှော်များ လုပ်ကိုင်ခွင့် ချထားပေးနိုင်သူမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်သာ ဖြစ်သည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

ထို့ပြင် လစာနှင့် ၀င်ငွေ ကွာဟမှုရှိနေသော ဦးဖုန်းမော်ရွှေ မိသားစုပိုင်ဆိုင်မှုများကို ယခုအစိုးရ (သို့မဟုတ်) နောင်အစိုးရ လက်ထက်တွင် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေး ဖော်ထုတ်ခံရဖွယ် ရှိနေကြောင်း မကွေးတိုင်းအတွင်းရှိ ဒေသခံများအကြား ဝေဖန်ပြောကြားလျက် ရှိနေသည်။

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top