တရားဥပဒေစိုးမိုးရေး ကော်မတီနှင့် UNDP ပူးပေါင်းပြီး တရားရေးနှင့် ပတ်သက်သည့်သူများအား စွမ်းရည်မြှင့်တင်သည့် စင်တာများ ဖွင့်လှစ်မည်
Published on: January 1, 2014
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး တရားရေးကဏ္ဍနှင့် ပတ်သက်သူများဖြစ်သည့် တရားသူကြီး၊ ရှေ့နေ၊ ရဲစသည်တို့အား စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ပြီး ဥပဒေစိုးမိုးရေး စင်တာများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
အဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေး ကာလအတွင်း တရားရေးစင်တာများ ဖွင့်လှစ်ရန်အတွက် ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ UNDP တို့ ပူးပေါင်းပြီး ဆောင်ရွက်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။
ဒေါက်တာဇော်မြင့်မောင်က “ဒေါ်အောင်ဆန်းစုကြည်နဲ့ EU တို့ဆွေးနွေးပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် Rule of Law စင်တာကို ဖွင့်မှာပါ။ အခုမှ စစမ်းကြည့်မှာပေါ့၊ နေရာတိုင်းမှာတော့ မဖွင့်နိုင်သေးဘူး။ နေရာလည်း မရွေးရသေးဘူး။ ပြန်ခြုံကြည့်ရမှာပေါ့။ ရွေးချယ်ဖို့ အတွက်ကတော့ တရားစိုးမိုးမှု တော်တော်လျော့ရဲတဲ့ နေရာမှာ ဖွင့်မလား။ ဒါမှမဟုတ် သွားရေးလာရေး လွယ်ကူတဲ့နေရာမှာ ဖွင့်မလားဆိုတာကို ပြန်ရွေးရမှာပါ။ ဇန်န၀ါရီ ၂ ရက်တွေ့ရင် ဒီတစ်ခေါက် နေရာပြန်ရွေးမယ် ထင်ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ တရားရေး အဖွဲ့အစည်းများဖြစ်သည့် တရားသူကြီး၊ ရှေ့နေ၊ ဥပဒေအရာရှိများ၊ ရဲများအား စွမ်းရည်မြှင့်တင် ပေးမည်ဟုလည်း သိရသည်။ EU မှ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ စွမ်းရည်မြှင့် သင်တန်ပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ရှေ့နေတစ်ဦးဖြစ်သည့် ဦးစိန်မြိုင်က “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကူညီဖို့ အများကြီးလိုပါတယ်။ တရားဥပဒေမဏ္ဍိုင်ကို အုပ်ချုပ်ရေးက လွှမ်းမိုးနေသလိုပဲ။ တရားရေးကဏ္ဍက လူတွေရဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကိုလည်း ကြားနေရတာပဲလေ။ အချို့အမှုတွေဆိုရင် တရားမစီရင်ရသေးဘူး၊ ဆုံးဖြတ်ချက်ကို သိနေတာမျိုးတွေ ရှိနေတော့ တရားရေးမဏ္ဍိုင်က လူတွေရဲ့ အမှုအကျင့်တွေ၊ စိတ်နေစိတ်ထားတွေ အဲဒါတွေကို ပြင်ရမယ်။ ခေတ်ပြောင်းမယ်ဆိုရင် ခေတ်စနစ်နဲ့ညီတဲ့ စနစ်မျိုးဖြစ်အောင် လုပ်ရမှာပေါ့။ အခုလို ပြုပြင်ပြောင်းလဲမှုတွေလုပ်တာ ကောင်းပါတယ်” ဟု ပြောကြားသည်။
Aye Chan Mon# Credit To :Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment