Published on: January 2, 2014
သမ္မတဦးသိန်းစိန်၏ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဗြိတိန်နိုင်ငံတို့မှ အသီးသီး ထုတ်ပြန်ခဲ့သည်။
မတရားအသင်း အက်ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ၊ နိုင်ငံတော် သစ္စာဖောက်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုများ အပါအ၀င် ဥပဒေခုနစ်မျိုးဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုသည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၏ အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ နိုင်ငံရေး အကျဉ်းသား ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ၂၀၁၃ နှစ်ကုန်တွင် လွတ်မြောက်ခွင့် ပေးမည်ဆိုသည့် သမ္မတ၏ ကတိစကားအတိုင်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး
“ကျွန်တော်တို့ အစိုးရအပါအ၀င် အခြားနိုင်ငံရေး ခေါင်းဆောင်များနဲ့အတူ လက်တွဲပြီး နိုင်ငံရေး အကျဉ်းသားဆိုပြီး ဖမ်းဆီးအရေးယူမှု ရှိမလာအောင်ကို နောက်ပိုင်းမှာ ဒီလိုဥပဒေမျိုးတွေကို ပြုပြင်ပြောင်းလဲဖို့ မျှော်လင့်ပါတယ်” ဟု မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Cecile Pouilly က ပြောကြားသည်။
သို့သော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထဲတွင် မောင်တော အကျဉ်းထောင်၌ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ထိန်းသိမ်း ခံထားရသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အလုပ်သမားသုံးဦးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သည့် ဒေါက်တာထွန်းအောင်နှင့် ဦးကျော်လှအောင်တို့ မပါဝင်ခဲ့သည့် အတွက်ကြောင့်မူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အနေဖြင့် ၀မ်းနည်းမိကြောင်း ပြောကြားသည်။
“ဒီအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေကို ဆက်လက်စိစစ်ဖို့ အတွက်လည်း ကျွန်တော်တို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်” ဟု Ms. Pouilly က ဖြည့်စွက်ပြောကြားသည်။
အလားတူပင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire ကလည်း ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိမနေစေရဆိုသည့် ကတိစကားအပေါ် လုပ်ဆောင်ခဲ့မှုအတွက် ၀မ်းမြောက်ပါကြောင်း ပြောကြားသည်။ သို့ရာတွင် အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် သူများအတွက်မူ စိစစ်မှုများ ဆက်လက်ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကြိုဆိုပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးပါတယ်။ ဒီအတွက်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ဒီကိစ္စအပေါ် ဆက်လက်ဆွေးနွေးပြီး အဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသည်။
Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.