0

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူများ ဘာသာစကား မှတ်သားရာ၌ ရှုပ်ထွေးမှု မရှိစေရန် အင်္ဂလိပ် ဘာသာရပ်ကို တတိယတန်းမှသာ စတင်သင်ကြားမည့် အခြေခံပညာ မူဝါဒများ ရေးဆွဲထားပြီ ဖြစ်ကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတု ခန်းမတွင်ပြုလုပ်သော တိုင်းအဆင့် လက်တွေ့ကျသော ပညာရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းကယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို ကျောင်းချိန်အတွင်း သို့မဟုတ် ကျောင်းချိန် ပြင်ပ၌ သင်ကြားခွင့် ပြုထားသောကြောင့် ယင်းကလေးငယ်များသည် မိခင် ဘာသာစကားအပြင် မြန်မာ ဘာသာစကားနှင့် ပြဋ္ဌာန်းထားသော သင်ရိုးများကို သင်ကြားရသောကြောင့် အင်္ဂလိပ် ဘာသာစကားကို ထပ်မံ မသင်ကြားရခြင်း ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

ကလေးသူငယ်များသည် ဘာသာရပ်များကို မိခင် ဘာသာစကားနှင့် သင်ကြားမှသာ တတ်မြောက်မှု ပိုလွယ်ပြီး အသက် ၈ နှစ်အောက် ကလေးသူငယ်များသည် ဘာသာစကား နှစ်ခုသာလျှင် သင်ကြားနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သို့သော် လုပ်သက် ၁၀ နှစ်ကျော်ရှိ ပုဂ္ဂလိက ကျောင်းဆရာ တစ်ဦးကမူ နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းများတွင် ကြိုက်နှစ်သက်ရာ ဘာသာစကားများကို သူငယ်တန်းပညာ သင်ကြား ကတည်းက ရွေးချယ်ယူခွင့် ရှိကြောင်း၊ အသက်ခြောက်နှစ်အရွယ် ကလေးသူငယ်များသည် ဘာသာစကား ခြောက်မျိုးထိ သင်ကြားနိုင်စွမ်း ရှိကြောင်း The Voice သို့ ပြောဆိုသည်။
“အရင်တုန်းကလည်း ငါးတန်းရောက်မှ အင်္ဂလိပ်စာ သင်ကြရတယ်။ အခုလည်း သုံးတန်းရောက်မှဆို နောက်ကျနေပါပြီ။ နိုင်ငံတကာကို မျက်လုံး ဖွင့်ကြည့်ဖို့တော့ လိုလိမ့်မယ်” ဟု ၎င်းကဆိုသည်။

သို့သော် ကလေးသူငယ် တစ်ဦးချင်းစီအလိုက် ဘာသာစကား မှတ်သားနိုင်ပုံချင်း ကွဲပြားကြောင်း အစိုးရ မူကြိုကျောင်းများတွင် အင်္ဂလိပ်နှင့် မြန်မာဘာသာကို သင်ကြားနေကြောင်း ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော စံပြမူကြိုကျောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် များအရ သိရသည်။

အဆိုပါ အင်္ဂလိပ်ဘာသာ သင်ကြားမှုနှင့် ပတ်သက်၍ လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ အားလုံး ဆက်လက် ဆွေးနွေးနေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

Aye Chan Mon# Credit To :The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top