0


Created on Sunday, 01 December 2013 18:17


သြစတြေးလျနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၁ ရက် မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် World AIDS Day အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

အေအိုင်ဒီအက်စ် ရောဂါနှင့် အဆိုပါရောဂါပိုး ကူးစက်ခံထားရသူများအား ခွဲခြားဆက်ဆံ ခံနေရမှုများကို ၀ိုင်းဝန်းတိုက်ဖျက်ရန် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံသားများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ကျွန်မတို့ အနေနဲ့ ခွဲခြားဆက်ဆံ ခံခဲ့ရပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ ယုံကြည်မှု၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဒါမှမဟုတ် အနာရောဂါ တစ်ခုခုကြောင့် ခွဲခြားဆက်ဆံမှု ပြုလုပ်ခြင်းဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ လက်ခံနိုင်စရာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပထမဆုံး သွားရောက်ခဲ့သည့် နေရာများတွင် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံထား ရသူများအား ကုသပေးသည့် နေရာလည်း ပါဝင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား UNAIDS ချစ်ကြည်ရေး သံတမန်အဖြစ် ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ခြင်း ခံခဲ့ရသည်။ အကြိမ် (၂၀) မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ကွန်ဖရင့်အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း မဲလ်ဘုန်းမြို့တွင် ကျင်းပသွားရန် အတည်ပြုထားသော်လည်း အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်မှု သိသာစွာ မြင့်တက်နေသော သြစတြေးလျ နိုင်ငံတွင် အဆိုပါ ပြဿနာအပေါ် ဖြေရှင်းဆောင်ရွက်မှုများ အားနည်းနေကြောင်း ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက အစိုးရ အရာရှိများကို ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာ ခံစားနေရသူပေါင်း ၂၀၀၀၀၀ ၀န်းကျင်ရှိပြီး အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လိင်လုပ်သားများနှင့် လိင်တူချင်း ဆက်ဆံသူများဖြစ်ကြောင်း သိရသည်။

UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ အမ်မွန်မာဖီက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတွင် ယခင်ကပင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

မဲလ်ဘုန်းမြို့တွင် World AIDS Day အခမ်းအနားတွင် မိန့်ခွန်းပြောကြားရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အဲလက်စ်ချာနော့ဗ်က ကြိုဆိုစဉ် (Photo:AFP)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top