မန္တလေး၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး CNG ယာဉ် ၆၉၄ စီး ရှိရာမှ စာရွက်စာတမ်း မပြနိုင်သည့် စီးရေ ၃၀၀ ကျော်ကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ CNG ထုတ်ယူခွင့် ယာယီ ရပ်ဆိုင်း ထားကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (မန္တလေး) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ CNG ထုတ်ယူခွင့် ယာယီ ရပ်ဆိုင်းထားသည့် ယာဉ်များကို စာရွက်စာတမ်း ပြည့်စုံအောင် ပြုလုပ်ပြီးပါက သက်ဆိုင်ရာ ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် CNG ပြန်လည် ထုတ်ယူခွင့် ပြုသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။
“သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ယာဉ်တွေဆိုရင် ဓာတ်ငွေ့ထုတ်ယူလို့ ရပါတယ်။ တချို့ယာဉ်တွေက စာရွက်စာတမ်း မပြည့်စုံတာတွေ ရှိနေတဲ့အတွက် စာရွက်စာတမ်း ပြည့်စုံအောင် လုပ်ပေးပြီး ဝန်ကြီးဌာနကို ထုတ်ယူခွင့် တင်ပြပေးရမှာပါ” ဟု မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း မန္တလေး အခြေစိုက်စခန်း တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ဓာတ်ငွေ့ထုတ်ယူခွင့် မရရှိသည့် ယာဉ်စီးရေ ၃၀၀ ကျော်ထဲမှ စာရွက်စာတမ်း တင်ပြလာသည့် ယာဉ်များအနက် စာရွက်စာတမ်း မပြည့်စုံသော CNG တပ်ဆင်ထားသော ယာဉ် ၈၉ စီးကို စိစစ်တွေ့ရှိရကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန္တလေး အခြေစိုက်စခန်းထံမှ သိရသည်။
“ကျွန်တော်တို့ကတော့ဗျာ အရင်တုန်းက CNG ပြောင်းဆိုလို့ မပြောင်းမနေရ ပြောင်းရတယ်။ အခုကျတော့ ကျွန်တော်တို့ ကားတွေက စာရွက်စာတမ်း မခိုင်လုံဘူးလို့ ပြောပြီး ထုတ်မပေးဘူး။ ကားတွေက ဓာတ်ငွေ့နဲ့မှ မောင်းရတာဆိုတော့ စာရွက်စာတမ်း မပြည့်စုံလို့ ဒဏ်ရိုက်တယ်ဆိုရင် ဒဏ်ရိုက်တာ ခံရုံပါပဲ။ အရေးကြီးတာက ဓာတ်ငွေ့ရပြီး လုပ်ငန်း လည်ပတ်နိုင်ဖို့ပါ” ဟု စာရွက် စာတမ်း မပြည့်စုံသဖြင့် ဓာတ်ငွေ့ထုတ်ယူ မရသော ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ဓာတ်ငွေ့ထုတ်ယူခွင့်အတွက် အဆိုပါ ယာဉ်ပိုင်ရှင်များ အနေနှင့် စာရွက်စာတမ်း ပြည့်စုံအောင် ဆောင်ရွက် လိုအပ်ပြီး အဆိုပါ ယာဉ်များကို ဒဏ်ငွေရိုက်ရန် အစီအစဉ် မရှိကြောင်း၊ တရားဝင် စာရင်းရရှိရန် စိစစ်ခြင်းသာ ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း မန္တလေး အခြေစိုက်စခန်း တာဝန်ရှိသူက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့ ကားတွေကျတော့ ဓာတ်ငွေ ထုတ်ယူလို့မရဘူး။ ရန်ကုန် အမည်ပေါက်ဆိုတဲ့ ကားအစီး ၇၃ စီးတော့ ထုတ်ယူလို့ရတယ်။ ကျွန်တော်တို့က ယာဉ်အို ယာဉ်ဟောင်းကနေ ဓာတ်ငွေ့ပြောင်းတပ်ထားတဲ့ ကားတွေပါ” ဟု ဓာတ်ငွေ့ထုတ်ယူ၍ မရသော ယာဉ်မောင်းတစ်ဦးက ထပ်မံဆိုသည်။
မန္တလေးမြို့တော်တွင် တရားဝင် စာရင်းပေါက်နေသော ဓာတ်ငွေ့ယာဉ်စီးရေ ၃၀၀ ကျော်ကို ဓာတ်ငွေ့ထုတ်ယူခွင့် ပြုထားကာ ရန်ကုန် အမည်ပေါက်ယာဉ် ၇၁ စီးနှင့် ချောက်မြို့ အမည်ပေါက်နှစ်စီး စုစုပေါင်း ၇၃ စီးကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားသည့် ကာလအတွင်း ယာယီဓာတ်ငွေ့ ထုတ်ယူခွင့် ပြုထားပြီး ဝန်ကြီးဌာနက ထုတ်ယူခွင့်ပြုပါက တရားဝင် ခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါစခန်း တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။
မန္တလေး အမည်ပေါက် ဓာတ်ငွေ့ယာဉ်များ အနေနှင့် ဓာတ်ငွေ့ထုတ်ယူရန် လိုအပ်သော စာရွက်စာတမ်းများမှာ CNG အပ်နှံစာ၊ ကညန အပ်နှံစာ၊ (ပုံစံ ဃ) အုံနာ ဘုတ်၊ ဝှီးတက်၊ လုပ်ငန်းလိုင်စင် အပိုင်း ၁/၂၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ စသည့် စာရွက်စာတမ်း ပြည့်စုံပါက ဌာနက စိစစ်ပြီးဝန်ကြီးဌာနသို့ တင်ပြကာ ပြည့်စုံ မှန်ကန်မှု ရှိပါက ၄၅ ရက်အတွင်း တရားဝင် ဓာတ်ငွေ့ ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါ စခန်းထံမှ ထပ်မံသိရှိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း မန္တလေး အခြေစိုက်စခန်းမှ ဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် စာရွက်စာတမ်း မပြည့်စုံသော ယာဉ်များကို နိုဝင်ဘာ ၃၀ ရက်နေ့မှ စတင်ကာ ဓာတ်ငွေ့ထုတ်ယူခွင့် မပြုတော့ကြောင်း၊ နေ့စဉ်ဓာတ်ငွေ့ ထုတ်ယူသည့် ယာဉ်စီးရေ ၇၀၀ နီးပါး ရှိကြောင်း မန္တလေးမြို့တော်ရှိ ဓာတ်ငွေ့ မော်တော်ယာဉ် ပိုင်ရှင်များထံမှ သိရသည်။
အေးချမ်းမွန် Credit To > The Voice Weekly < Thankhttps://www.facebook.com/excellencemedia
Post a Comment